Computerian Days: Prequel

Wednesday, December 17, 2008


ကွန်ပြူတာတက္ကသိုလ်တွေပြန်ဖွင့်ပြီပေါ့…။ ရုံးဆင်းချိန်ရောက်ရင် စိမ်းပြာရောင်ဝတ်စုံတွေနဲ့ ကျောင်းကားတွေ ကျွန်တော့်ဘေးက ဖြတ်ဖြတ်သွားကြတယ်…။ သူတို့တွေ့ရင် ကျွန်တော်ပြုံးမိတယ်…။ ရီချင်တာပါ… အဲဒီထဲမှာ တချို့ကတော့ ကွန်ပြူတာတက္ကသိုလ်တက်ပြီး ကွန်ပြူတာပညာရှင် လုပ်ချင်တယ်ဆိုတဲ့သူတွေ ပါကောင်းပါမှာပဲ…။ တက်စရာမရှိလို့ တက်လာကြတဲ့သူတွေလဲ ရှိမှာပဲလေ…။ ကျွန်တော်ပြုံးမိတာက ကွန်ပြူတာ ပညာရှင်ဖြစ်ချင်သူတွေအတွက် ပြုံးမိတာ… အင်း…ဒီကောင်တွေ ဘာလို့ငါ့ တွေ့ကရာရှစ်သောင်း လာမဖတ်မိကြသလဲလို့ ဟားဟားဟား…။ ထားပါတော့… တစ်နေ့ကတောင် ကျောင်းရှေ့ကဖြတ်သွားရသေးတယ်…။ သွားတာကဝါးတရာပါ… တလမ်းထဲဆိုတော့ ဖြတ်သွားရတာ… ရှေ့ကနေလှမ်းမြင်နေရတာတော့ ဟိုးတုန်းက အချိုးမပြေတဲ့ ဆိုင်းဘုတ်ကြီးတွေကလည်း မပြောင်းလဲသေးဘူး…။ နွေးထွေးရုံမက ပူလောင်နေတဲ့မိထွေးတက္ကသိုလ်ကြီးရဲ့ သွင်ပြင်ကလည်း အရင်အတိုင်းပဲ…။ အဲ… အဆောင်တွေနောက်ဘက်မှာတော့ လေးထပ်ဆောင်ကြီးဆိုလား ဆောက်နေကြတာတော့တွေ့ရဲ့ ဘာလုပ်ဖို့လဲတော့မသိဘူး…။ ဘယ်လိုပဲဖြစ်ဖြစ် သုံးနှစ်လုံးလုံး အောင့်အီးသည်းခံ ဘွဲ့တစ်ခုရအောင် နေလာခဲ့တဲ့ကျောင်းဆိုတော့လဲ အပြင်လူတစ်ယောက်အနေနဲ့ အပြင်ကနေလှမ်းမြင်လိုက်ရတော့ တစ်မျိုးတစ်ဖုံတော့ ခံစားရတယ်…။ ဘာမှမယ်မယ်ရရ မရလိုက်ဘူးဆိုပေမယ့်… ရလိုက်တဲ့ အတွေ့အကြုံတွေ…(တခြားမကြည့်နဲ့ဗျာ ခင်ဗျားအခုဖတ်နေတဲ့ ပို့စ်တွေပဲလေ) တကယ့်နင်လားငါလား အရမ်းကောင်းတဲ့ သူငယ်ချင်းတွေ… မသိရင်ရှိန်၊ နောက်မြီးထည့်လို့ကောင်းတဲ့ဘွဲ့တစ်ခု… ဒီနေရာကနေရခဲ့တာ….။ ကျောင်းပေါက်ဝကိုကြည့်ပြီး လွန်ခဲ့တဲ့ လေးနှစ်လောက်ကို ပြန်ခြေဆန့်မိတယ်…။

ဒီဇင်ဘာလရဲ့ ဘယ်ရက်လဲ မမှတ်မိတော့…။ မှတ်မိတာကတော့ ကျောင်းစဖွင့်တဲ့ရက်…။ တက္ကသိုလ်ကျောင်းသားဘဝရဲ့ ပထမဆုံးရက်…။ သုဝဏ္ဏကနေ ကားအဆင့်ဆင့်၂နာရီခွဲလောက်စီးပြီး အူကြောင်ကြောင်နဲ့ ရန်ကုန်ကွန်ပြူတာတက္ကသိုလ် လှော်ကားဆိုတဲ့ အပေါက်ဝကြီးရောက်တော့ နေတော်တော်ပူနေပြီ…။ ဝတ်နေကြအတိုင်း ရှပ်အင်္ကျီ၊ ဂျင်းဘောင်းဘီနဲ့…။ လွယ်အိတ်စုတ်လေးလွယ်ပြီး ကုတ်ချောင်းချောင်းနဲ့ မုဒ်ဝကြီးအတိုင်းလျှောက်လာမိတယ်…။ စိတ်ထဲမှာတော့ ကြည်နူးသလိုလို၊ စိတ်လှုပ်ရှားသလိုလို…။ နောက်အဲဒီတုန်းက ရည်းစားနဲ့ ပြတ်နေတဲ့အချိန်…။ စိတ်ထဲမှာ ဟို…တက္ကသိုလ်ကားတွေကြည့် အရူးထပြီး အားခဲထားတာ…။ ခင်ဗျားစဉ်းစားကြည့်လေ…။ ဖရက်ရှာကျောင်းသားတစ်ယောက်ရဲ့ခံစားချက်၊ ဘယ်လိုနေမလဲ… ခင်ဗျားသိမှာပါ…။ အဲဒီလို ခံစားချက်ပေါင်းစုံနဲ့ ကျောင်းဆောင်တွေထဲရောက်လာခဲ့ပြီ…။ လူတွေအများကြီးပဲ…။ ကျွက်စီကျွက်စီနဲ့…။ အတန်းကြီးသမားတွေလေ…။ ကျွန်တော်လိုကုတ်ချောင်းချောင်းနဲ့ ကြောင်တောင်တောင် ဖရက်ရှာတွေလဲ တွေ့ပါရဲ့…။ ကိုယ့်စာသင်ဆောင်က ဘယ်မှာလဲလိုက်ရှာနေကြတယ်…။ အတန်းကြီးတွေကိုလည်း မမေးရဲဘူး…။ ကျောင်းသားရေးရာကိုပဲ သွားပြီးဖြည့်စရာပြုစရာတွေလုပ်မယ်ဆိုပြီး မေးလို့ပြုလို့ရမယ့် ဆရာတစ်ယောက်လောက် မျက်စိကကျီးကန်းတောင်းမှောက်လိုက်ရှာမိတယ်…။ ဟုတ်တယ်လေ…။ ကျွန်တော်ကအခုမှရောက်ဖူးတာ… ဖောင်တွေဘာတွေယူတုန်းကလဲ အဲဒီတုန်းက မာစတာတက်နေတဲ့ အစ်မကြီးတစ်ယောက်ယူခိုင်းလိုက်တာ…။ ဟော... တွေ့တော့တွေ့ပါပြီ… ဝဝနဲ့ တိုက်ပုံနဲ့ လက်ပိုက်ပြီးရပ်နေတယ်…။ အနားကပ်သွားပြီး… “ဆရာ…ကျွန်တော့်ကို ကျောင်းသားရေးရာဘယ်နားမှာလဲ တဆိတ်လောက်ပြပေးပါ” …။ သူက အူကြောင်ကြောင်နဲ့ ကျွန်တော့်ပြန်ကြည့်ပြီး…“အင်..အင်..အဲ..ဟိုလကွာ ဒီကနေသွား လမ်းဆုံးရင် ညာကွေ့လိုက်ကွာ..အဲဒီမှာ” “ကျေးဇူးပါပဲဆရာ” ..။
စိတ်ထဲမှာတော့ သူ့ပုံကြည့်ပြီး ထူးဆန်းနေတယ်… ဘေးနားက ကျောင်းသားတွေကလည်း ကျွန်တော့်ကိုအထူးအဆန်းလုပ်ပြီး ကြည့်နေကြတယ်ခံစားနေရတယ်…။ ဇဝေဇဝါနဲ့လျှောက်လာရင်း ကျောင်းသားရေးရာကိုရောက်တော့ လူကတော်တော်တိုးဝှေ့နေကြတယ်…။ နာရီဝက်လောက်တန်းစီတိုးဝှေ့ပြီး ကိစ္စပြီးတော့ကိုယ်တက်ရမယ့် အတန်းလဲမရှာချင်တော့ဘူး… နေရာကလဲ သိပြီဆိုတော့ ကျောင်းသားဝါးဝချင်ယောင်ဆောင်ပြီး ကန်တင်းဘက်လစ်တော့တာပဲ…။ ပထမဆုံးနေ့မှာ ကန်တင်းနဲ့စလို့လားမသိ နောက်ပိုင်းကျောင်းမှာ ရိုးကောကျပ်ပါတယ်ဆိုတဲ့ အနေအထားရောက်သွားတာတောင် အမြဲကန်တင်းမှာချည်းပဲ… :)

ကန်တင်းလဲရောက်ရော… သုဝဏ္ဏက မျက်မှန်းတန်းမိနေတဲ့ အစ်ကိုကြီးတစ်ယောက်ကလှမ်းခေါ်တယ်…။
“အမယ် မင်းကန်တင်းတွေဘာတွေလာလို့… အတန်းမသွားဘူးလား..”
“မသွားပါဘူးဗျာ…”
“မင်းကတော့ဟေ့… ပုံမှန်ကဖရက်ရှာလေးတွေဆို ပထမဆုံးနေ့မှာ အတန်းထဲဝင်နေကြတာ… အဲဒါမှ မင်းတို့ဖရက်ရှာခြင်း ရွယ်တူတန်းတူ ဂေါ်စရာဂတ်စရာရှာလို့တွေ့မှာကွ… ဒီလာလို့ကတော့ အကုန် ‘လူရှိတယ်ဟေ့’ တွေချည်းပဲ”
“ဗိုက်ဆာလို့ပါဗျာ”
“ဟေ့ကောင်…ဒါနဲ့… မင်း ပါချုပ်ကြီးနဲ့ သိသလားကွ ...”
“ဟင်… မသိပါဘူး”
“ဟမ်… မင်းနဲ့စကားပြောတယ်လေ”
“မပြောပါဘူး… ”
“မင်းနဲ့… ကျောင်းအဝင်ဝမှာ စကားပြောခဲ့တာ အဲဒါပါချုပ်ပေါ့ကွ… ဦးပိုက်တင်တဲ့… ကျောင်းတစ်ခါ တစ်လေမှလာတာ…”
အင်း… ဖြစ်မှဖြစ်ရလေ… ပါချုပ်ကို လမ်းညွှန်ခိုင်းတဲ့ ငါပါကလား…။ ဒါကတော့ ကျွန်တော့်ရဲ့ တက္ကသိုလ်ကျောင်းသားဘဝရဲ့ ပထမဆုံးနေ့ပေါ့…။ တစ်နေ့လုံး အတန်းထဲမရောက်ဘူး…။ နေ့ဝက်လောက် အဲဒီဘဲကြီးနဲ့ လေပေါပြီး သူလဲထွက်သွားရော ပျင်းပျင်းနဲ့ အိမ်ပြန်ခဲ့ပါရော…။
အခုတော့ ဒီလောက်နဲ့ တော်ပြီဗျာ...။ နောက်ကြုံတော့မှ ပထမနှစ်ကျောင်းသားဘဝ အတန်းခေါင်းဆောင် အီးစီဖြစ်ရတဲ့ အကြောင်းတွေ ပြောဦးမယ်… ဟီဟိ ကြိုကြွားထားတာ… :P ။

11 မှတ်ချက်:

khet myint myint said...

သားတို့အကြိုက် မွန်းလိုက်ကြီး အဲဒီတုန်းက ဘယ်ရောက်နေပါလိမ့်။ မှတ်မိစရာလေးတွေကတော့ အများသားလား ကိုအန်ဒီရေ.. အဲဒီတုန်းက ယူနီဖောင်းလဲ ဝတ်စရာမလိုသေးဘူးနော်။

sait phay yar said...

EC လားယုံပေါင်နော်
ဟီဟီ

tututha said...

ငှက်ကထကြီးရေ ဒါမျိုးစောင့်နေတာ ကြိတ်လိုက်ဟ

သက်တန့် said...

တော်သေးတာပေါ့...
ကျောင်းသားရေးရာ ဘယ်မှာလဲ မေးမိလို့...
ဟဟဟ...

Unknown said...

အဟတ် အဟတ် အစ်ကိုတော်ကတော့ 
လုပ်လိုက်ရင် ဒီလိုကြီးပဲ
ပါချုပ်လည်းအစ်ကိုတော်နဲ့ တွေ့ မှပဲ
လမ်းညွှန်ဖြစ်ရတော့ တယ်
ဆက်ရေးနော် အပျင်းကြီးမယ်မကြံနဲ့ 
ဒါနဲ့  စကားမဆပ် ဆီပုံးလဲမတွေ့ ပါလား
ဘယ်လိုဖြစ်တာလဲဟင်
ဘာတွေ ကလိနေပြန်တာလဲ

ပန်းခင်းလေး

Andy said...

ko khmyt ရေ အဲဒီတုန်းက သားတို့အကြိုက်မွန်းလိုက်ကြီးက ဒုချုပ်ခဗျာရေ့

ဗီလိန် said...

စိတ်ညစ်တယ်လို့ ပြောရင်းနဲ့ ကျောင်းကို လွမ်းနေတယ်မလား။ တကယ်တော့ တချိန်က အခက်အခဲတွေက ဟာသတစ်ပုဒ်ပါဗျာ။

နောက်တစ်ခုက တက္ကသိုလ်ဆိုတာက စာပဲသင်တဲ့ နေရာမဟုတ်ဘူးလေ။ မသိပဲနဲ့ ရလိုက်တဲ့ ရင့်ကျက်မှုတွေ အများကြီးပါ။ အပေါင်းအသင်း၊ အပြောအဆိုကစလို့ အစစအရာရာကို ရင့်ကျက်သွားစေပါတယ်ဗျာ။ အထက်တန်းတက်သလို အတန်းထဲပဲငုတ်တုတ် ထိုင်နေရင်တော့ တမျိုးပေါ့။

Anonymous said...

စီဗုံးမှာ မပေါက်လိုက်ရလို့ ဒီမှာထပ်ကွန့်တယ်။ ကျောင်းအကြောင်းလေးတွေ ဆက်ရေးပါ။ တစ်လွဲတချော်လေးတွေပေါ့။ စိတ်ဝင်စားတယ်။ ကိုယ်တိုင်က မဒေးလိုက်ရတော့ ဒေးတက်ရတဲ့လူတွေကို အားကျတယ်ဗျာ။

puluque said...

မိထွေးတက္ကသိုလ် တဲ့ မိုက်တယ် ဒီအသုံးအနှုန်းလေး ခိုက်သွားပြီ။ ကျတော်တို့လည်း မိထွေးနဲ့ နေခဲ့ရတာပါဗျာ။ အမေကြီး ငုတ်တုတ်ရှိရဲ့ နဲ့ အဘကောင်းမှု့ကြောင့် မိထွေးဆီမှာနေနေရတာဗျ။ တစ်ခါတလေ လွမ်းလာရင် အမေဆီ သွား။ ဟိုလည် ဒီလည် မန်မန်း စားသောက်ပြီး ပြန်ခဲရတာပေါ့ဗျာ

Anonymous said...

အယ် အယ် ဖြစ်ရလေ မောင်ဒန်ဒီ... ပါချုပ်ကိုလမ်းညွှန်ခိုင်းတယ် ခေသူမဟုတ်ပါလားနော်... ဟဟ... :)

Anonymous said...

အဲတော့ ဆောရီးနော် ရေးချင်ဇောနဲ့ နာမည်မှားရေးမိတယ်. ဟီးး
ဆောရီး မောင်အန်ဒီ.... ဟက်ဟက် ကိုယ့်ဘာသာရီနေမိပြီ..... :D

  © Blogger template Newspaper by Ourblogtemplates.com 2008

Back to TOP