ကျွန်တော်နှင့် ကာတွန်းများ

Monday, December 1, 2008



“ဟေ့ အန်ဒီကောင်…”
“အာ ဘာလဲ နန့်ညီ အဲ..အဲ နန်းညီရာ… ငါဒီမှာ နေမကောင်းလို့”
“နင်ကုလားမနဲ့ပဲ နေ,နေတော့မှာလား… အသစ်လေးဘာလေးမရေးတော့ဘူးလား”
“ရေးတော့ရေးချင်ပါတယ်ဟာ… ဒါပေမယ့်… ကော်နတ်ရှင်ကမကောင်း… နောက်ပြီးစာရေးလို့မရ…”
“ဘာဖြစ်လို့လဲ”
“ဘလော့ဂ်ဂါတွေ ဖြစ်လေ့ရှိတဲ့ရောဂါပေါ့… စစခြင်းတုန်းကတော့ ရေးမယ်ဟေ့ရေးမယ်ဟ ဆိုပြီး ဆပ်စလူးထ ဘလော့ဂ်တစ်ခုလုပ်၊ အဲ ခဏနေ လေးငါးပုဒ်လောက်လဲရေးပြီးရော ဟော… ဘယ်သူမှလဲ မလာကြဘူးဆိုပြီး ရပ်သွားပါရော… အဲဒီကနေ… သူများဟာတွေဖတ် လုပ်နည်းကိုင်နည်းတွေလဲသိ ဘော်ဒါတွေလဲ များလာဆိုတော့ ရေးတယ်ဟေ့၊ရေးတယ် မြင်းဇောင်းကမြင်းလွှတ်လိုက်သလိုပဲ… အဲဂလိုရေးနေရာကနေ တချို့လူတွေပေါ့ ဘာမှန်းညာမှန်းမသိပဲ ဘလော့ဂ်တွေလိုက်ကြည့်၊ ပြီးရင်ရှောက်ဆဲ၊ အမယ်တချို့ရှိသေးတယ်၊ ရသ၊ ဟာသ တမျိုးမျိုးရေးလိုက်လို့ သူတို့အကွက်ထဲ ဥပမာ အရက်တို့ဘာတို့သောက်တဲ့အကြောင်း ဆိုးတဲ့ပေတဲ့အကြောင်း ရေးမိရင် ခပ်တည်တည်နဲ့ ဝင်ပြီးဆုံးမတတ်သဗျ…။ တချို့ကျတော့လဲ အမှားတွေလိုက်ရှာပြီး ဖဲ့တတ်ကြတာတွေလဲ ရှိရဲ့။ တချို့တွေကျတော့လဲ ကိုယ့်အကြောင်းကိုယ်ပါစင်နယ် တွေရေးမိတော့ ဖတ်တဲ့သူက အဲဒီကဗီလိန် (ကိုဗီလိန်မဟုတ်) နဲ့သွားတူနေတယ်ဆိုပါတော့ အဲဒီမှာတင် ကိုယ်သိတဲ့လူဟုတ်လား မဟုတ်လားမစဉ်းစားတခါတည်း အဖြစ်အပျက်တူနေတာနဲ့ပဲ ဘယ်ပို့စ်မှာ ဘာလို့ငါ့ကိုစောင်းရေးရတာလဲ၊ ဒါမျိုးတော့ မပြောသင့်ဘူးထင်ပါတယ် ဘုလိငွစ ပုတ်ခတ်လာကြရော…၊ အဲဒီမှာ ရေးချင်စိတ်ကုန်ပြီး ဘလော့ဂ်လောကကြီးကို နှုတ်ဆက်ပါပြီ… ဘာညာနဲ့ နှစ်ပတ်လောက် တစ်လလောက်မရေးကြတော့ဘူး (နောက်မနေနိုင်ကြပါဘူး ပြန်ရေးကြတာပါပဲ ဟီဟိ)”
“ဒါဆို..နင်က…”
“ငါက ပျင်းလို့မရေးတာ ဟီဟိ”
“ခွေးကောင် သောက်ကြီးသောက်ကျယ်တွေပြောပြီး အဟုတ်မှတ်လို့… ဒီလောက်ပျင်းတဲ့ကောင်…အခုနင့်ကို တက်ဂ်လိုက်ပြီ”
“အာ လုပ်လိုက်ပြန်ပြီဟာ… ပျင်းပါတယ်ဆိုမှ…”
“အေးလေ မပျင်းရအောင်ကာတွန်းကားတွေအကြောင်း တက်ဂ်ထားတာ… ကာတွန်းကားတွေအကြောင်း… နင်ကြည့်ဖူးတဲ့အထဲကကြိုက်တဲ့ဟာတွေပေါ့… နင်ကာတွန်းကားကြိုက်တယ်မဟုတ်လား…”
“ဘယ်နှယ့်ပြောပါလိမ့် သိပ်ကြိုက်တာပေါ့… ငယ်ငယ်ကတည်းက ကာတွန်းကားတွေကြည့်လာတာပဲဟာ… အခုထိကိုကြိုက်တုန်း”
“ဒါဖြင့် ဘယ်ကားကြိုက်လဲ…”
“အင်း… ဘယ်ကားလဲဆိုတာတော့ ပြောဖို့ခက်တယ်ဟ… ငါက ကာတွန်းကားတိုင်းလဲ ကြည့်တာမဟုတ်ဘူး… ပြောရရင်ဟာ… ကာတွန်းရုပ်လေးတွေဆွဲထားတိုင်း ငါကကြည့်တာမဟုတ်ဘူး… ငယ်ငယ်ကဆိုရင် ကာတွန်းကားဆိုတာ ရီရမှ ဆိုတဲ့အစွဲရှိတယ်ဟ… အဲနောက်ပြီး ကာတွန်းကားဆိုပြီး စကားတွေများနေရင်လဲ မကြည့်ဘူး… ငယ်ငယ်တုန်းကပြောပါတယ်… ခုတော့ ဇာတ်လမ်းကောင်းရင်ရီရရင်ကိုကြည့်တာပဲ”
“ပြောတော့ ကာတွန်းကြိုက်တယ်ဆို…”
“အေးလေ… ငါအရမ်းကြိုက်တဲ့ ကာတွန်းကားတွေတော့ ရှိတာပေါ့ဟာ… နင်ပြောတဲ့ Lion King တို့၊ အာလာဒင်တို့၊ မစ်ကီမောက်စ်တို့၊ နောက် Bugs Bunny တို့၊ Tom and Jerry တို့ အများကြီးပေါ့ဟာ…။ နောက်ပြီးငါက တခြားကလေးတွေနဲ့မတူဘူးဟ… ငယ်ငယ်တုန်းကတည်းက Power Ranger ကာတွန်းလိုဟာမျိုးဆိုရင်တော့ လုံးဝမကြိုက်ဘူး။”
“နောက်တစ်ခုက ငါ့မှာ အကြိုက်ဆုံးဆိုတဲ့ဟာ သိပ်မရှိဘူးဟ… ကြိုက်ပါတယ် မကြိုက်ပါဘူးဆိုတာတွေတောင် အမြဲဖြစ်နေတာမဟုတ်ဘူး…။ ဆယ်တန်းလောက်တုန်းက အာလာဒင်ကာတွန်းကားဆို သီချင်းတွေချည်းပဲလို့ဆိုပြီး မကြိုက်ဘူး ဟောအခုတလောမှ ပြန်ကြည့်မိတော့ သီချင်းတွေက ကောင်းတယ်ဟဆိုပြီး ကြိုက်သွားပြန်ရော…. မနှစ်ကလောက်တုန်းကအထိ Lord of the Ring ဇာတ်လမ်းမျိုးကြိုက်သေးတယ်… ဟော အခုကျတော့မကြည့်ချင်တော့ပြန်ဘူး…။ ငယ်ငယ်တုန်း Jungle Book ကြိုက်တယ်… နည်းနည်းကြီးလာတော့ မကြိုက်တော့ပြန်ဘူး….ဟော အခုပြန်ကြည့်တော့ ကြိုက်နေပြန်ရော…။”
“ဒါဆိုနင့်မှာ forever favorite ဆိုတာမျိုးမရှိဘူးပေါ့”
“မရှိသလောက်ပါ… ရှိတော့ရှိပါတယ်… ရုပ်ရှင်ထဲမှာဆို Forrest Gump၊ အဲ ကာတွန်းကားထဲမှာဆိုရင်တော့ ဘယ်အချိန်ကြည့်ကြည့် မရိုးဘူးဟာ… ကြည့်တိုင်းကို အသံထွက်ပြီး ရီရတယ်ဟာ… ကုန်ကုန်ပြောရင် ရုပ်မမြင်ရပဲ သူ့အသံကြားရရင်တောင် ပြုံးချင်ချင်ဖြစ်လာတယ်…”
“အဆန်းပဲ ဘာပါလိမ့်”
“မဆန်းပါဘူး၊ ကြွက်နဲ့ကြောင် ငါတို့ခေါ်တဲ့ Tom & Jerry လေ…”
“နင့်ရုပ်တည်ကြီးနဲ့ ကြိုက်တော့ Tom & Jerry တဲ့”
“တကယ်ပါ… ငါကတော့ နင့်လို ပန်းချီတွေဘာတွေနားမလည်တော့ သေသေချာချာမပြောနိုင်ဘူး… ဒါပေမယ့် ငါ့စိတ်ထဲတော့ အဲဒီကြွက်နဲ့ကြောင်လောက် အသက်ဝင်တဲ့ ကာတွန်းပုံမတွေ့မိဘူးထင်တာပဲ… Tom ရဲ့ပုံကိုပဲကြည့်… ပျော်ရင်တကယ်ပျော်နေတဲ့ပုံ… တခါတလေ ရှက်ကိုးရှက်ကန်းပုံကြီး…အမယ် ဥာဏ်နီဥာဏ်နက်ထုတ်နေရင် ပုံစံက တကယ့်မသမာတဲ့ပုံမျိုး”
“အေး ဟုတ်တယ်ဟ”
“ငါကတော့ အဲဒါကြည့်မိရင် ကြွက်ထက် အဲဒီကြောင်ကြီးကို ပိုကြိုက်တယ်… အမူအရာအသက်ဝင်တာအပြင် တချို့ဇာတ်လမ်းလေးတွေက ဘယ်လိုခေါ်မလဲ… လူသားဆန်တယ်ဟာ”
“ဘယ်လိုမျိုးလဲ”
“တအိမ်ထဲမှာ မတည့်အတူနေပေမယ့် တစ်ကောင်နဲ့တစ်ကောင်လဲ မရှိရင် မနေနိုင်ကြပြန်ဘူး… တခြားအပြင်က တစ်ကောင်ကောင် လာကြောရင်တောင် နှစ်ကောင်ပေါင်းပြီး ပြန်ပညာပေးလိုက်ကြသေးတယ်လေ”
“ဟုတ်တယ် တချို့ဇာတ်လမ်းတွေဆို မကောင်းတာမလုပ်ဖို့တောင် ပညာပေးလေးတွေပါသေးတယ်နော်… ”
“ဟုတ်တယ်ဟ ခရစ်စမတ်တို့ ဘာတို့ဆို ရန်သူဖြစ်ဖြစ် မိတ်ဆွေဖြစ်ဖြစ် ချစ်ချစ်ခင်ခင်ရှိကြဖို့ Message လေးတွေပါပေးသေးတယ်”
“နောက်ပြီး လူ့သဘောကို ပြောထားတာတောင်ရှိသေးတယ်… Jerry’s diary ဆိုတဲ့ဇာတ်လမ်းမှာဆို Tom က Jerry ရဲ့ Diary စာအုပ်ကို ဖတ်ကြည့်ပြီး သူခံရတာတွေရေးထားတော့ မျက်နှာကြီးတဖြည်းဖြည်းနီရဲလာပြီး Jerry ပြန်လာတော့ ပြဿနာရှာရော… နောက်ဂျယ်ရီက သူ့စာအုပ်ထုတ်လို့ရတဲ့ ပိုက်ဆံတဝက် Tom ဖို့ပါပါတယ် ဆိုတဲ့စာလဲပေးလိုက်ရော ချက်ချင်းအချိုးပြောင်းသွားတာ… စာအုပ်က အရမ်းကောင်းတာပဲ ဘာညာဖြစ်သွားရော အဲဒါမျိုးလေးတွေလဲ တော်တော်များများတွေ့ရတယ်…”
“အေး”
“ဟို မသေခင်Tag က Heaven Express ဆိုတဲ့ ဇာတ်လမ်းလေးကြည့်ပြီး အိုင်ဒီယာရလိုက်တာဟ… ကောင်းကင်ဘုံသွားဖို့ ရထားလက်မှတ်ရအောင် ကောင်းတာတွေ လုပ်ပြတာလေ”
“အေး အဲဒါသိတယ်…”
“တွမ်အင်ဂျယ်ရီကတော့ ဇာတ်လမ်းတွေက အများကြီးဆိုတော့ ပြောလို့ကုန်မှာမဟုတ်ဘူး… ငါလဲ အကုန်ကြည့်ဖူးတာမဟုတ်ဘူးလေ… အင်း…ပြောလို့လဲကောင်းရဲ့ အခုတော့ ရုံးဆင်းခါနီးပြီ လစ်တော့မယ်”
“ကြွပေဦးတော့”

P.S အင်တာနက်ပျက်သွားလို့ ဘယ်မှမရောက်ဖြစ်တာပါခင်မျာ... လူကလဲ အပျင်းတစ်သွားတာလဲပါတာပေါ့လေ... (အင်း မြန်မြန်ရှင်းထားရတာ...။ တော်ကြာ ကုလားမချောချောလေးနဲ့လိုက်သွားပြီဆိုပြီး သတင်းတွေပြန့်သွားလို့ ဘလော့ဂ်ပေါ်မှာ ဂေါ်လမ်းကန်းသွားမှာစိုးလို့ဗျို့)အခုအင်တာနက်ပြန်ကောင်းတော့ နန်းညီတက်ဂ်ထားတဲ့ ဟာကို ကြိုးစားပမ်းစားလေးရေးပြီး တင်လိုက်တာပါ... တော်ကြာ..သူမန္တလေးကပြန်လာရင် ကျွန်တော့်ဖို့ မေမြို့ဝိုင်ပါမလာပဲနေဦးမယ်... သောက်ချင်ရင် သူ့မှာလိုက်ကြပါ... ကြော်ငြာတာပါ...ဟီဟိ။
ဒါနဲ့ ကျွန်တော့်ကို ဒီပိုစ့်တက်ဂ်တာ ကိုဗီလိန်လဲ ပါသေးတယ်... မေ့လို့။

7 မှတ်ချက်:

NangNyi said...

နင်ကများ ငါ့ကိုပါ ဆွဲထည့်ရေးထားသေးတယ်.. ပြီးတော့..
reader အပေါင်းတို့ရေ..
ဘာမေမြို့ဝိုင်မှ ဟုတ်ဖူး.. လျှောက်ပြောနေတာပါဗျို့..

Andy said...

မေမြို့ဝိုင်မှ မေမြို့ဝိုင်အစစ်ပါဗျိုး

khet myint myint said...

ခဏခဏ ဝင်ကြည့်နေတာ တခါလာလဲ ကုလားမ နောက်တခါလာလဲ ကုလားမနဲ့ကြီးတိုးနေတာ။ အခုမှပဲ အသစ်လေးတွေ့ရတော့တယ်။ တခြားဘာမှ မရေးချင်နေပါ။ တို့ရဲ့ ကွန်ပျူတာကျောင်းကြီး အကြောင်းသာ ရေးစမ်းပါ။ ဖတ်ချင်လွန်းလို့။

ခေါင်ခေါင် said...

မေမြှို့ ၀ိုင်. .. ကျုပ်ကိုလဲပေးလေ..
မယ်ညီ.. ကျူပ်လဲ ပါတယ်လေ

Anonymous said...

မေမြို့ ဝိုင်လား ပန်းခင်းလေးလဲ စိတ်ဝင်စားတယ်

tututha said...
This comment has been removed by the author.
tututha said...

မိုက်တယ်ဟေ့ မိုက်တယ် ငတေ့စကား ငှားပြောရရင် သွေတာဆော်ကြီးလေပဲဟ။ တော်လိုက်တဲ့ နာ့မောင်လေး :)

  © Blogger template Newspaper by Ourblogtemplates.com 2008

Back to TOP