ကုလားမ အချစ်ကပိုပါတယ်

Sunday, November 16, 2008


ကျွန်တော်မောင်အန်ဒီတစ်ယောက် ယခုတလော တော်တော်စိတ်ညစ်နေလေသည်…။ အကြောင်းမှာ ရုံးတွင်ဘာအလုပ်မှ မရှိသော အိုင်တီမန်နေဂျာရာထူး (လက်အောက်တွင် မည်သူမှမရှိပေ) ကိုဆွေမျိုးအကပ်ဖြင့်ခပ်တည်တည်ရယူပြီးသကာလ ခပ်ပြောင်ပြောင်ပင် အင်တာနက်ဆိုသော မြန်မာပြည်တွင် လူတိုင်းအသုံးချခွင့်မရသည့် အလွန်အဆင့်အတန်းမြင့်မားလှသော (အစ်မကြီးတူးတူးသာ အသုံးဖြင့်) လောကဓာတ်နည်းပညာကြီးကို တစ်ဦးတည်းမောင်ပိုင်စီးကာ တနေကုန် ချက်တင်ထိုင်ခြင်း၊ ကောင်မလေးများကို ကြူခြင်း၊ ဘလော့ဂ်ဟုဆိုအပ်သော ကိုယ်ရေးချင်ရာများကို ကိုယ့်သဘောနှင့်ကိုယ် လွှင့်တင်ခွင့်ရှိသည့်နေရာတွင် မဟုတ်ကဟုတ်ကများကို သောက်ရှက်ကင်းမဲ့စွာ ရေးသားခြင်းများကို ပြုလုပ်လျက်ရှိရာ အင်တာနက်သုံးခွင့်မရှိသည့် တခြားရုံးသူရုံးသားများ၏ တီးတိုးစောင်းမြောင်းဆဲရေးခြင်းကို ခံရခြင်း…၊ ထိုဗလွတ်ရွှတ်သနများလက်ချက်ကြောင့် လာရောက်ဖတ်ရှုသူ နှစ်ယောက်တပိုင်းတို့၏ “ဟေ့ မင်းကဘလော့ကို ပေါက်တတ်ကရရေးစရာနေရာများမှတ်နေသလားကွ”၊ ကွန်ပြူတာပို့စ်များတွင်လဲ “ငါတို့ကျောင်းကို စော်ကားရအောင် မင်းကဘာကောင်လဲကွ၊ အီလက်ထရွန်းနစ်ပုဒ်မနဲ့ ဆွဲစိလိုက်လို့ ၁၅ နှစ်လစ်သွားရမယ် ဘာမှတ်လဲ” ဆိုသောဆဲရေးစာများ…၊ တခါတလေ အတည်ပေါက်လေးရေးမိပါလျှင်လဲ “အမယ် ရာရာစစကွယ်၊ မင်းလိုကောင်ကများ မတန်မရာ၊ ခွေးလက်က နတ်တဘောင်ရေးလို့” အစရှိသော ဗလပွသောင်ရင်းများကိုသာ လက်ခံရရှိနေသောကြောင့် ဖြစ်လေ၏…။ သို့သော်လည်း သောက်လိုက်ကမ်းဆိုးမသိပဲ ဘလော့ဂါညီမငယ်တစ်ဦး၏ တက်ဂ်ပို့စ်ကို ရေးသားအပြီး ကိုယ်စိတ်ညစ်ညူးစွာဖြင့် အင်တာနက်ပေါ်ရှိ မိန်းကလေးများကို နောက်ပိုးခြင်းအမှုကိုပြုနေစဉ်…။ “ဟဲ့…သေချင်းဆိုးအရက်သမားကောင်” ဆိုသောသာယာနာပျော်ဖွယ် စကားလုံးများပေါ်လာသဖြင့် ကြည့်လိုက်ရာ ဆယ်တန်းကျောင်းသားဘဝကတည်းက တွဲလာခဲ့သည့် တစ်ဦးတည်းသော ရည်းစားဖြစ်နေလေ၏…။
“ဟာ..အေး ဘာလဲဟ”
“နင်အဲဒီဒိုးပတ်ဆိုတဲ့ဘလော့မှာ ပေါက်တတ်ကရတွေ ရေးနေတာ မရပ်သေးဘူးလား…၊ ဒီ“သူမ”ဆိုတာကကော ဘယ်ရည်းစားကိုရှောက်ရေးထားတာလဲ…ဟင်”
“ဘာရည်းစားမှ မရှိပါဘူးဟာ… နင်ကလဲ… ငါ့မှာလေ၊ နင်ကလွဲလို့ ကျောက်ခဲ သလဲ”
“ရှောက်ပြောမနေစမ်းနဲ့၊ကျောက်ခဲသလဲဆိုလဲအခုခေတ်မှာ၊နင်အလကားရယူမှာပဲမှုတ်လား၊ခုသဲတကျင်းဘယ်လောက်ဖြစ်နေပြီလဲဟင်”
“ဟုတ်ပါဘူးဟာ အဲဒါက တက်ဂ်ပို့စ်လေးကို အချစ်ဝတ္ထုလိုလို ရေးထားတာပါ၊ အစမ်းပေါ့ဟာ…”
“အော်ဟော်… နင်ကအချစ်ဝတ္ထုရေးမယ်ပေါ့လေ…”
“အေးပေါ့… နောက်ပိုင်းဟန်ရင် အချစ်ကနေမတက်တော့ဘူး… အချစ်ဝတ္ထုရေးလိုက် အချစ်ကဗျာရေးလိုက်ပဲနေတော့မှာ၊ အခုခေတ်က ချစ်တာပဲအေးတယ် အန္တရယ်ကင်းတယ်… ဒါတောင်ဘလော့ဂါတစ်ယောက်အချစ်ကဗျာရေးလို့ လစ်သွားရသတဲ့”
“ဒါဆိုရေးစမ်း… အေး နောက်လာမယ့် ပို့စ်တွေမှာ နင်ပြောသလို အချစ်မပါလို့ကတော့ နာပြီသာမှတ်ပေတော့ ငါသွားမယ်” ..ဟု ကြိမ်းမောင်းဆဲဆိုရာဇသံလွှတ်ကာထွက်ခွာသွားလေ၏…။ ထိုအခါ ဘာသားနှင့်မျှထုမထားသောကျွန်တော့်မှာလဲ နောင်တော့်နောင်တော်များနည်းတူ ရည်းစားကို ညူကလီးယားဗုံးထက်ကြောက်လန့်တုန်လှုပ်ရကား (အမယ်…ချစ်တာဗျ :P ) ဦးနှောက်ကို အပြင်းအထန်မီးမြှိက်၍ အောက်ပါအချစ်ဝတ္ထုကြီးကို ရေးပါသတည်း..။ ထို့ကြောင့် ပို့စ်မကောင်းပါက သူ့ကိုသာ အပြစ်ပုံချတော်မူကြပါကုန်… ဟီဟိ…။
(အမယ်လေး ရေးရမှာနည်းမယ်ထင်တာနဲ့ ရှောက်ရေးလိုက်တာ ပို့စ်တစ်ခုစာတောင်ရှိသွားပါပကော..)
------------------------------------
“ပျော်တယ်ဗျို့ပျော်တယ်ဟ… ရည်းစားရပြီခမျာရဲ့ ဗြောင်နောင်နောင်ပေပေ့ဂျိ” မောင်ဖိုးတေတစ်ယောက် ပျော်လွန်းလို့ထခုန်နေပါသည်…။ အကြောင်းမှာ သူအလွန်လိုချင်နေလှသည့် ရည်းစားတစ်ယောက်ရရှိပေပြီဖြစ်သောကြောင့်တည်း…။ ကျွန်တော်က
“ဟကောင်ရ အေးအေးနေစမ်းပါကွ… ရည်းစားများကွာ ဆန်းတာလိုက်လို့..”
“ဘာပဲဖြစ်ဖြစ်လေ ဒီမှာပြန်စာလာပြီ ချစ်တယ်တဲ့ကွ ဟီဟိခွိခွိ” ၊ “မှန်း” “ရော့ကွ” ဟုဆိုကာ A4 စာရွက်ကြီးတစ်ရွက်ထိုးပေးပါသည်…
“အာ… မင့်ဟာကလဲကွာ ကွန်ပြူတာစာစီကြီး၊ နင့်စော်ကနင့်ကို ဟိုဘယ်နှစ်စောင်တိတိဝေပါ ထီဆယ်ခါပေါက်မည်… မဝေပါက ကာလနာတိုက်မည်ဆိုတဲ့ ဟာမျိုးကြီးကူးပေးလိုက်တာနေမှာပေါ့ကွ..”
“အာာ ငါ့စော်က စလုံးကကွ… သူကဟိုကနေ အီးမေးလ်နဲ့ အဖြေပေးလိုက်တာ ချစ်တယ်တဲ့ အဲဒါကို ငါပရင့်ထုတ်လာခဲ့တာ…”
“မင့်ဟာကြီးကလဲကွာ…”
နောက်ထပ်ကျွန်တော်မဆက်တော့ပါ…။ အကြောင်းမှာ ထိုအကောင်မှာ မည်သို့မှ ပြော၍ရတော့မည် မဟုတ်ပဲ… ကျနော့်ကိုသာ ရှေ့နေအရှုံးပေးရလောက်အောင် ဂျပိုးကိုလိပ်စကားပိတ်တော့မည်…။ ဖိုးတေ၏စိတ်မှာ သူ့ကောင်မလေးနှင့်ပတ်သက်လာလျှင် လန်းဆတ်ပါသည်…၊ မိုးဦးကျစ လမ်းဘေးမှိုနတိုပင်လေးတွေလို နုနယ်ပါသည်…။ ဟာကြူလီတမျှ ခွန်အားကြီးလာပါသည်…။ ယခုလဲ သူမနိုင်သော ဝန်ကိုထမ်းတော့မည်…။
အကြောင်းမှာ သူ့ကောင်မလေးဆိုသည်မှာ သူ့အပြောအရ တလလျှင်ဝင်ငွေ သိန်းရာဂဏန်းမျှရှိသည့် ကျွန်တော်တို့အခေါ် မလိုင်တုံး အတန်းအစားဖြစ်သောကြောင့်ပင်တည်း…။ ဒီကောင့်မှာပိုင်ဆိုင်မှူဆိုလို့ ဂစ်တာတစ်လုံး၊ ဘောင်းဘီစုတ် သုံးထည်၊ မျက်မှန်တလက်နှင့် တလလျှင် ဝင်ငွေတပြားမှမရှိပဲ ဝန်ထမ်းမိဘများပေးသောမုန့်ဖိုးကို သုံးစွဲစားသောက်နေသည်…။
ကျွန်တော်အတန်တန်ပြောပါသည်…
“မင်းဟာကကွာ မလိုင်တုံးဆိုတော့ ငါတို့လို အရက်သမားအဖို့ မတည့်ဘူးကွ… မမူးပဲဝမ်းနုတ်နေရလိမ့်မယ်… နောက်ပြီး မလိုင်ဆိုတော့ မယ်လမင်းတောင်ပါချင်ပါနေမှာ… မနိုင်ဝန်မထမ်းပါနဲ့ကွာ…” ကျွန်တော်ပြောသမျှ သူနားပေထောင်ပြီးနောက်
“အေးကွာ… အခုငါ အင်တာနက်ဆိုင်သွားမလို့…”
“ဟင် ဘာလုပ်မလို့လဲ…”
“ငါ့ကောင်မလေးနဲ့သွားတွေ့မယ်လေ ဟဲဟဲ I will love you… baby… always” ဘွန်ဂျိုဗီ၏ Always သီချင်းကိုတောင်ရွတ်သွားသေးသည်…။ ကိုယ်ချင်းစာဖို့လဲကောင်းသည်…။ ဖိုးတေမှာ ဤရည်းစားလေးရဖို့ နှစ်ပေါင်းများစွာကြိုးစားလာရသည်… ဥာဏ်နီဥာဏ်နက်ဥာဏ်ပြာဥာဏ်ဝါမျိုးစုံထုတ်၍ အားထုတ်ခဲ့ရသည်…။ ထို့ကြောင့် ကျွန်တော့်မှာတော့ ဒီကောင့်ကို ရှိရှိသမျှ ဘုရားသခင်အပေါင်း မ,စဖို့ ဆုတောင်းရုံသာရှိပါသည်..။

ကျွန်တော့်ဆုတောင်းပြည့်ပါ၏လော…။ ဖိုးတေမှာ ကောင်မလေးနှင့် ချက်တင်တွင်သွားတွေ့လိုက် ညဘက်ညဘက်တွင် ဖုန်းပြောလိုက်၊ သူ့ကောင်မလေး ရန်ကုန်အလည်ပြန်ပြန်လာလျှင်သွားတွေ့လိုက်နှင့် အတော်ကြီးကိုဇိမ်တွေ့နေလေ၏…။ သို့ရာတွင် နဂိုကပင် ပုညှက်သေးကွေးသောကောင်မှာ ယခုအခါ သေခါနီးကြက်အိုကြီးကဲ့သို့ ပိန်ချုံးညှက်စိသွား၏…။
“ဟင်…ဖိုးတေ မင်း အေကိုက်နေတာများလား … ကြည့်လဲလုပ်ပါဦးကွာ…”
သူကတယ်ကြီးဂရုမစိုက်ပဲ…
“အေမကိုက်ဘူး မောင်ရင် အချစ်ကိုက်တာကွ အချစ်ကိုက်တာ…၊ အချစ်ရဲ့ဒဏ်ရာ အချစ်အတွက် sacrifice တွေဆိုပါတော့ကွာ…”
သူနှင့်စကားပြောလျှင် လေလုံးပိမှာစိုးသောကြောင့် လက်ဖြင့် ခေါင်းပေါ်ကို မကြာခဏ ယမ်းရသည်မှာ ရက်ပါများသီချင်းဆိုသည်ထက်ပင် အကျင့်ပါနေပါပြီ…။
လက်ကိုရမ်းရင်း “အင်း…အင်း လုပ်ပါဦး”
“သူနဲ့က သူရန်ကုန်ပြန်လာတာကလွဲရင် ချက်တင်းမှာပဲတွေ့ရတာကွ…။ ချက်တာကလဲကွာ လက်နဲ့ရိုက်ရတော့ သိပ်မမိုက်ဘူး… ဗီဒီယိုချက်ဖို့ကလဲ စက်ကပိန်း ကော်နက်ရှင်ကပိန်းနဲ့..။ အဲဒါကြောင့် ညညကျရင် အိမ်ကဖုန်းနဲ့ပြောရသကွ…။ အိမ်ကလဲဘေလ်တွေတက်တော့ ဆဲတာပေါ့ကွာ… အခုတော့ ဖုန်းတခါဆက်ရင် လမ်းဘေးဖုန်းတွေလို ကျသလောက်ရှင်းနေရပြီ…။ လူကြီးတွေများကွာ မမိုက်ပါဘူး…။ ကိုယ်ချင်းစာတရားမရှိ ဘာမရှိနဲ့… နောက်ပြီးငါ့စော်က တအားစိတ်ကောက်တာကွ … နည်းနည်းလေးမှ အမှားမခံဘူး ”
“အမယ် မိဘကို အပြစ်မတင်ကောင်းပါဘူးကွာ… စိတ်ကောက်တာများ ပြောပစ်လိုက်ပေါ့ကွ… မင်းသူ့အတွက် ကုန်တာတွေဘယ်လောက်များသလဲ… သူရန်ကုန်လာတော့ကော မင်းမှာရှိသမျှ ဘတ်ငွေလေးတပဲခြောက်ပြားနဲ့ ရှောက်သွားနေကြတာ ငါမသိဘူးများမှတ်နေလား… အခုဟာက တစ်မှတ်တိုင်ခရီးလောက်လမ်းလျှောက်ရင်ကို ခြေထောက်ပြုတ်တော့မလောက်၊ ဘတ်စကားစီးရင်ကို ငရဲကြီးတော့မလောက် အတန်းအစားကို မင်းက သွားတိုင်းတက်ကစီနဲ့လိုက်ပို့ စားတော့လဲ ငါတို့ဆို အပြင်ကတောင်ဖြတ်မလျှောက်နိုင်တဲ့ နေရာမှာတက်စား… ကုန်သမျှ မင်းကခံ…။ အင်း… သူ့တရက်စာ အသုံးက မင်းတစ်လစာဝင်ငွေထက်များတာ သတိပြုကွ”
“ဟေ့ကောင် တော်ကွာဒါကတော့ ငါကယောင်္ကျားလေးကိုးကွ”
“မင်းဟာက ကျားကျားနိုင်လွန်းပါတယ်ကွာ… ကြည့်ကျက်လဲကျားဦးကွ… တော်ကြာ… ”
“တော်တော့ကွာ အခုငါချက်ဖို့ချိန်းထားသေးတယ် သွားတော့မယ်ကွ…” ကျွန်တော်တားချိန်ပင်မရလိုက်ပါ ကသုတ်ကရိုက်ထွက်ခွာသွားပါသည်…။ ဒီကောင့်အစားကျွန်တော်ရင်လေးမိသည်…။

မည်သို့ပင်ရင်လေးရင်လေး ကိုယ့်ကိစ္စမဟုတ်သောကြောင့် ကြာကြာမလေးနိုင်ပါ…။ ကျွန်တော့်မှာလဲ အလုပ်တဖက်နှင့် ရှူပ်ရှက်ခတ်နေသည်မှာ အိမ်ကအမေပင် ကျွန်တော့်ရုပ်ကိုမမှတ်မိတော့ဟုပြောပါသည်…။ ယခုတလောလဲ တော်တော်အလုပ်များသည်…။ အကြောင်းမှာ ကျွန်တော်တို့ရုံးရှိ မန်နေဂျင်းမှာ ရုံးရောက်တုန်းအားရပါးရချက်မည်ဟု ဂျီတော့ကိုဖွင့်လိုက်စဉ် အိန္ဒိယမှ ကုလားမငယ်ငယ်လေးတစ်ယောက်က မိတ်ဆက်သည်ဟူသတတ်…။ ထို့နောက် သူပေးသော Link ကိုနှိပ်ကြည့်လိုက်ရာ ဗိုင်းရပ်စ်ခေါ် ကွန်ပြူတာအဖျက်သတ္တဝါတစ်ကောင်ဝင်လာပြီး နှောင့်ယှက်လေရာ ယခု သူ့မိန်းမနှင့်ပင် ပြဿနာတက်နေသောဟူ၏…။ ထိုသတ္တဝါမှာ မည်သို့ဖြစ်သည်မသိပဲ တရုံးလုံး ပျံ့နှံ့လေရာ ကျွန်တော်သိရချိန်တွင် ကွန်ပြူတာအလုံးငါးဆယ်သည် ကျွန်တော့ခေါင်းပေါ်၌ စံမြန်းရောက်ရှိနေကြလေ၏…။ တရုံးလုံးကလဲ ဘယ်တုန်းကတည်းက သောက်မြင်ကပ်လေသည်မသိ…။ ကွန်ပြူတာပြဿနာပေါ်သည့်နှင့် ကျွန်တော့်ခေါင်းပေါ်သို့ ဝမ်းမြောက်ဝမ်းသာ လွှဲချပြီးသကာလ သူတို့မှာအနားယူကြလေကုန်၏…။ ထို့ကြောင့်ကျွန်တော့်မှာရုံးရောက်သည်နှင့် ထိုကွန်ပြူတာအလုံးငါးဆယ်ကို ကျက်သရေပြည့်စုံစွာဖြင့် ရှုစားဆဲဆိုပြီး အငြိုးဖြင့် အမဲဖျက်အံ့ဟု ကြံစည်ခိုက်… ဖိုးတေ… ဖိုးတေ၊ တရုတ်နှင့်တွေ့သော ဝက်ကဲ့သို့ မျက်နှာညိုးငယ်စွာ ဖြင့်ရောက်ရှိလာလေသည်…။
“ဘာဖြစ်တာလဲကွာ… မင်းရုပ်ကြီးကလဲ… ငါမအားဘူးကွ”
“မအားလဲ နောက်မှလုပ်ကွာ… အခုအရေးကြီးပြောစရာရှိတယ်… ငါ…ငါ…ငါ့ကောင်မလေးနဲ့ပြဿနာတက်ပြီ…။”
ကျွန်တော်ကတော့ သူ့မျက်နှာကိုမှ အားမနာပဲ
“အားဟားဟား ကောင်းတာပေါ့ကွ… ရည်းစားနဲ့ပြတ်တယ်ဆိုတာ အတိတ်နမိတ်ကောင်းကြီးပဲကွ… ကိုယ်နဲ့နားမလည်၊ စိတ်သဘောမတိုက်ဆိုင်လို့စောစောစီးစီး ဂလွမ်သွားတာ သွားပစေပေါ့… ပေါပါတယ်ကွာ။ ကမ္ဘာပေါ်မှာ မိန်းမဦးရေက ယောင်္ကျားထက်များသကွ…။ ငါဖြင့်တတ်နိုင်ရင် ဟိုကောင်တွေလို စည်တော်တွေရွှမ်း၊ ဘင်ခရာတွေတီး၊ ပန်းပွားတွေကပြီး အခမ်းအနားနဲ့ကို လုပ်လိုက်ချင်တာ”
“အခုက နားမလည်လို့မဟုတ်ဘူးကွ ကုလားမကြောင့်၊ တောက်… အဲဒီကုလားမကွာ တွေ့ရင် နုတ်နုတ်စင်းပြီး ခပတ်ကြော်လုပ်ပစ်မယ်…”
“ဘာ…ဘာပြောတယ်… ဘာကုလားမလဲကွ”
“အေးကွာ မနေ့ကငါဂျီတော့ဖွင့်လိုက်တော့ အဲဒီမှာ ကျမက အိန္ဒိယကပါ…ကျမရဲ့ Private Cam လေးပျက်သွားလို့ ကူညီပါဆိုပြီးရောက်လာတယ်ကွ…။ အဲဒါနဲ့ ငါလင့်လေးဖွင့်ကြည့်လိုက်တယ်ကွာ… ဘာမှတော့မဖြစ်သေးဘူး…။ အဲ ဟိုတယောက်ဝင်လာတော့မှ ပြဿနာတက်တော့တာပဲ… အဲဒီကုလားမက ငါ့အကောင့်ကြီးသုံးပြီး သူ့ကိုသွားချက်တယ်ကွ… ဟိုတယောက်ကလဲ ထစ်ကနဲရှိစိတ်ကောက်ချင်တာ… အဲဒီတော့ ဘယ်ကကုလားမနဲ့ဖြစ်နေပြန်ပြီလဲ… အဲဒါဘယ်သူလဲဘာညာပေါ့ကွာ… ငါလဲမသိဘူးပေါ့… အဲဒါနောက် ၁၀ မိနစ်လောက်လဲနေရော ကုလားမကထပ်ပြီး Never Mind, Leave it ဆိုပြီးထကွမ်ပါရော… အဲဒီမှာတင်ဟိုတယောက်လဲ… ‘ဒါရှင်သက်သက်မဲ့ မျက်နှာများတာ… မျက်နှာများရုံတင်မဟုတ်ဘူး… လူကိုလဲဂရုမစိုက် ပြတ်သွားအေးတယ်ဆိုတဲ့သဘောလား တော်ပြီ တော်ပြီ’ ဆိုပြီးထွက်သွားတာပဲကွ ညဘက်လဲ ဖုန်းဆက်လို့မရတော့ဘူး…”
“အဲဒါ ဗိုင်းရပ်စ်ကွ… နေပါဦး အဲဒီ never mind, Leave it မတိုင်ခင်မင်းတို့ကဘာပြောနေကြလို့လဲ…”
“အဲဒါအရေးကြီးတယ်ကွ… သူ့အိမ်က သူနဲ့ငါကြိုက်တာသိသွားတဲ့အကြောင်း… အခုဆိုသူ့ကို အိမ်မှာ အင်တာနက်သုံးတာတောင် ဒေါက်ထောက်ကြည့်နေတယ်ဆိုတဲ့အကြောင်း မြန်မာပြည်လဲ ပြန်လို့မရတော့ဘူးဆိုတဲ့အကြောင်း… ကျောင်းမှာပဲ အင်တာနက်သုံးရတော့တယ်ဆိုတဲ့အကြောင်းကွ…”
===================================။==============။==========================
ပြီး၏…။ ကဲ ဖိုးတေတို့ လင်မယားရေ့… နင်တို့တော့ငါဝတ္ထုထဲထည့်လိုက်ပြီဟေ့…။ ငါနင်တို့ငါခင်လွန်လွန်းလို့ ရေးတာ စိတ်မဆိုးရဘူး ဟဲဟဲ…
မဆိုးကြဘူးမှုတ်လား… :P

16 မှတ်ချက်:

NangNyi said...

ရေးကြပါဗျားဆိုလို့ ရေးလိုက်ဦးမယ်.. “အောင်မယ် နင်ကများ ရာရာစစ ..အချစ်ဝတ္တု ဆိုပဲ..”

ဝေလေး said...

ဟားဟား
Never mind leave it တဲ့.....
တစ်ကယ့်ချက်ကောင်းပဲ
ကုလားမအမွှေကောင်းလို့ ရည်းစားနဲ့ပြတ်သွားရောလား... :)

tututha said...

ဒီအခြစ်ဝတ္ထုဂျီးကတော့ တကယ်ကောင်းပဲဟေ့။ ဟီဟိ ..

WWKM said...

ဟဟဟဟား အဲလိုပဲရယ်သွားတော့မယ်..
အမကတော့ဘာမှပြောသွားတော့ဘူး။
ဖတ်ရတာမျက်စိညောင်းသွားလို့။း)
တော်ပါဘေဒယ် မောင်အန်ဒီရယ်။း)

မမ၀ါ

Dream said...

ဟားဟား.. ကုလားမ တော်တော် မွေတာပဲ... never mind leave it..
ဟား.. တော်တော်ကြောက်စရာကောင်းတဲ့ကုလားမပဲ... :P :P

ဗီလိန် said...

ဟားဟားဟားဟား။ ကုလားမကြီးရေ့...ဝေ။ ကုလားမကြီးလား။ ဝါး........ ကုလားမကြီးး ဘာတွေလုပ် လင်မယားကွဲအောင်လုပ်။ ဟိဟိဟိ၊

Anonymous said...

ဟားဟားဟား ဟုတ်ပါ့ အဲ့ကုလားမ မွှေတာ ကွိုင်တွေ ပူးကုန်တယ်..

Anonymous said...

ဒီစာကိုဖတ်ရတော့ ဆရာကြီးသော်တာဆွေရဲ့ ဝတ္ထုတွေကိုပြန် သတိရမိတယ်။ အားပေးလျက်ပါ။

Anonymous said...

အင်း ကုလားမ ကုလားမ
ကုလားမမွှေလို့ ကွဲကြလေသတည်းပေါ့ 
ဟားဟား တော်တော်ရယ်ရတယ်နော်
ဒါနဲ့ စကားမစပ် အစ်ကိုတော်အကြောင်းလဲ
ရေးဦးလေ
အစ်ကိုတော်နဲ့ အစ်ကိုတော်ရဲ့ ချစ်သူလေး
ဘယ်လိုတွေ့ ကြတယ် ဘာညာကွိကွနေကြာကွာစေ့ 
ရေးပါဦး
ညီမလေးတော့ မရေးနိုင်သေးဘူး
သူများရေးတာပဲဖတ်လိုက်ဦးမယ်

Andy said...

ဟုတ်ပါတယ် ကို/မ khmyt ရေ..။ ကျွန်တော် ဆရာသော်တာဆွေရဲ့ ဟန်လေးယူရေးတာပါ... သူ့စာတွေက ကျွန်တော့်ကိုတော်တော်လွှမ်းမိုးပါတယ်ခင်ဗျာ...။

သက်တန့် said...

“ကဲ ဖိုးတေတို့ လင်မယားရေ့… နင်တို့တော့ငါဝတ္ထုထဲထည့်လိုက်ပြီဟေ့… ငါနင်တို့ကို ခင်လွန်လွန်းလို့ ရေးတာ စိတ်မဆိုးရဘူး ဟဲဟဲ…”

သြော်... မောင်လေး အန်ဒီရယ်...
စိတ်ဆိုးလည်း ဘာဖြစ်လဲ...
Never mind. Leave it. :P

Desolate Angel said...

Good,Andy.Smiles suits this freaking 21st :)

အလင်းစေတမန် said...

စာအရေးအသားတွေ ကောင်းတယ်ဗျာ။ လေးစားပါတယ်။

s said...

ပာပာား အရမ်းရယ်ရတာပဲ။
ဒီ ဗိုင်းရက်စ် က တော်တော်ဒုက္ခပေးတာပဲ .. ဆု ကွန်ပျုတာမှာလည်း ၀င်သွားသေးတယ် ပြီးတော့  ဂျီးသော့ခ်က လူတွေကို သူဘာသာ သွားပြောနေတာ ပာူး တော်တော်လေးရှင်းလိုက်ရတယ်။

Never Mind. Leave it တဲ့ ရယ်ရတဲ့ ပြသာနာတက်နေပါတယ်ဆိုမှ :P :P :D

ဗန်ပိုင်းယား said...

ရှယ်ပဲ . .ရီတွားဒယ်နော်. ... ဟီဟိ

လင်းဦး(စိတ်ပညာ) said...

အဟားးး ကုလားမကို ချီးမွန်းခန်းဖွင့်သကိုး။
လာဖတ်၏.. အဆင်ပြေပါစေ :)

  © Blogger template Newspaper by Ourblogtemplates.com 2008

Back to TOP