မိုးလေထဲမှ အော်သံများ
Tuesday, May 20, 2008
မြန်မာပြည်ကို နာဂစ်ဆိုင်ကလုံးဝင်ပြီးတာ အခုဆို နှစ်ပတ်ကျော်သွားပါပြီ။ ရန်ကုန်မှာတော့ ပုံမှန်နီးပါး ပြန်ဖြစ်နေပြီလို့ ပြောလို့ရပြီ ။ စိတ်ဓာတ်ဒဏ်ရာတွေလဲ ကျက်သင့်သလောက် ကျက်သွားပြီ။ နေ့စဉ်စကားတွေမှာ မေလ ၂ရက်နဲ့ ၃ရက်တုန်းက အဖြစ်အပျက်တွေလည်း လျော့သင့်သလောက် လျော့သွားကြပါပြီ။ ဒါပေမယ့်…
“အခု မုန်တိုင်းပြီးတာ ၂ပတ်လောက်ရှိပြီ၊ အခုထိ မာမား ခေါက်ဆွဲခြောက်တစ်ထုပ်၊ ခရမ်းချဉ်သီး လေးလုံး၊ အာလူး သုံးလုံး၊ ဆီ ၅ကျပ်သား၊ ဆန်တစ်ပြည်ပဲရသေးတယ်။” ကျိုက်လတ်မြို့ခံ တစ်ဦးရဲ့ပြောစကား၊ “လှူချင်ရင် ကိုယ်တိုင်လှူကွ” ကျိုက်လတ်မြို့အဝင်မှာ ဘုန်းကြီးတစ်ပါးရဲ့ လမ်းပေါ်ကနေ မချိတင်ကဲ အော်ဟစ်သံ။ “တို့မှာ ဒီဘုန်းကြီးကျောင်းကပဲ တကယ် ပစ္စည်းရတာ၊ဒါတောင် ပစ္စည်းကနည်း လူကများလို့ တချို့ပစ္စည်းတွေဆို မဲနိုက်ပြီးမှ ခွဲပေးနိုင်ရှာတယ်။” ဖျာပုံမြို့က ပစ္စည်းတန်းစီနေတဲ့ ဒုက္ခသည်တစ်ဦးရဲ့ ရင်ဖွင့်သံ…
ဒါတွေဟာ ကျွန်တော် ဘယ်ပြည်ပမီဒီယာ ဘယ်သူရဲ့ တဆင့်ပြောစကားကိုမှ ကိုးကားပြီးပြောတာ မဟုတ်ပါဘူး… ကျွန်တော်ကိုယ်တိုင် မျက်စိနဲ့တပ်အပ်မြင် နားနဲ့ဆတ်ဆတ်ကြားခဲ့ရတာတွေပါ…
၁၇ ရက်နေ့က ပုဂ္ဂလိက အလှူရှင် အဖွဲ့တစ်ဖွဲ့နဲ့ လေဘေးသင့်ပြည်သူတွေရှိတဲ့ ဖျာပုံဘက်ကို ရောက်ဖြစ်ခဲ့ပါတယ်… ဒါကြောင့်ကျွန်တော်ဒီလိုပြောနိုင်တာပါ… ဘယ်အဖွဲ့လဲဆိုတာတော့ မပြောတော့ပါဘူး…
ည လေးနာရီလောက်ကတည်းက မြို့ထဲကထွက်ခဲ့ကြတာပါ… ဒါပေမယ့်ထုံးစံအတိုင်း ဟိုပိတ်ဒီပိတ်စနစ်ကြောင့် ဗိုလ်မှုးဆိုသူ တစ်ယောက်ကို ဝင်ခေါ်ကြရပါတယ်… သူအရစ်ရှည်တာ ကြောင့်ပဲ မနက် ခြောက်ခွဲပြော့ပြော့မှာမှ ရန်ကုန်ကထွက်တဲ့ အခန်းရောက်ပါတယ်… တကတည်းဗျာ သူလုပ်ပေးရတာက နည်းနည်းရယ်… “ကျွန်တော်ဗိုလ်မှူး…ဒါကိုကျွန်တော်စီစဉ်ပေးတာ… ကျွန်တော်ပြောတာနားထောင်”…(ဘယ်သူမှ သူပြောတဲ့အတိုင်း အတိအကျမလုပ်တာတော့ အားနာပါရဲ့) သွားတဲ့အဖွဲ့က ပညာတတ်လူချမ်းသာ သူဌေးတွေဦးစီးတာလေ… သူတို့ပြောတာကို နားမထောင်ပဲ သူကချည်းနင်းပြီး လျှောက်ပြောနေတာကိုး သူပြောသမျှ တစ်ခုမှလည်းအဆင်မပြေဘူး… ဒါပေမယ့် သူ့လက်မှတ်နဲ့ လှူခွင့်ရလာတာဆိုတော့ ဘာမှမပြောကြပဲ နောက်မှ ကိုယ်ကြိုက်သလိုလုပ်ကြတာပဲ…ဒါကထားတော့…
ညောင်တုန်းအထိကတော့ သိပ်မထိဘူး… အဲ… ညောင်တုန်းလဲကျော်ရော စပြီးစိတ်မချမ်းသာစရာက မြင်နေကြရပြီ…မအူပင်ကစပြီး အခြေနေကဆိုးလာတာပဲ… မြို့ထဲမှာတော့ ဒုက္ခသည်စခန်းတွေမှာ လူတွေတော်တော်များတယ်… ဒါပေမယ့် အလှူရှင်တွေလှူချင်တာက ဒုက္ခသည်တွေလေ…စစ်တပ်တို့၊မယကတို့၊ကြံ့ဖွတ်တို့ မဟုတ်ဘူး… ဦးဆောင်တဲ့ boss ကဆိုရင် “မြို့တွေမှာလှူရတာ Feel မလာဘူးကွ ဒုက္ခသည်တွေရမရသိရတာလဲ မဟုတ်ဘူး… ဒီတော့မြို့တွေမှာ စတိပဲလှူခဲ့ပြီး တောတွေမှာ ရှယ်လှူကြမယ်” တကယ်လဲပြောတဲ့အတိုင်း တောတွေမှာ ရှယ်လှူကြတာပဲ…လမ်းတလျှောက် အိမ်ခြေများတဲ့ ရွာတွေဆို လမ်းဘေးမှာစုပြီး တန်းစီနေကြတာ… အဲဒါလေးတွေတွေ့ရင် ကားတွေရပ်ပြီး ပစ္စည်းတွေချကြ လှူကြတာပဲ… ကိုယ်တိုင်ကိုယ်ကျပေးရတော့ စိတ်ထဲမှာ ပီတိဖြစ်ရတာပေါ့… တစ်ယောက်ဆန်တစ်ပြည်ရရ ဆီတစ်ကျပ်သားရရလေ… လုံးဝမရတာထက်စာရင် တော်သေးတာပေါ့… နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ပေမယ့် နှမ်းတွေအများကြီးတော့ ရောက်လာကြမှာပဲ…အဲဒီအထဲမှာ ကိုယ်ကိုတိုင်က နှမ်းတစ်စေ့ဖြစ်နေဖို့ပဲလိုတယ်…
အဲဒီည ကျွန်တော်အိမ်ပြန်ရောက်တော့ အိမ်မှာ MRTV4 ဖွင့်ထားတာနဲ့ကြုံတယ်… ကြည့်လိုက်တော့ နိုင်ငံတကာ အကူအညီတွေရောက်နေကြောင်း နိုင်ငံတော်အစိုးရကလည်း အကူအညီတွေကို အချိန်မဆိုင်း တကယ့်ကို အင်တိုက်အားတိုက် ဘုရားစူး မိုးကြိုးပစ် ဒုက္ခသည်တွေကိုပေးပို့နေကြောင်း တွေလိုက်ရတယ်… အဲဒါကြည့်လိုက်ရတော့ အင်း…ဟိုဟာသလေးတစ်ပုဒ်တောင် သတိရလိုက်သေး… အပန်းဖြေစခန်းတစ်ခုမှာ နိုင်ငံခြားသားသုံးယောက် စကားလက်ဆုံကျနေကြတယ်…ဟိုပြောဒီပြောနဲ့ နောက်ဆုံးနိုင်ငံရေးအကြောင်းတွေရောက်သွားကြတယ်… ပထမလူက ဂုဏ်ယူဝင့်ကြွားစွာ “ငါတို့နိုင်ငံက ဒီမိုကရေစီ ဝါဒနဲ့ အုပ်ချုပ်တာကွ လူတိုင်းတန်းတူပဲ” ဒုတိယလူကလည်းအားကျမခံ “တို့ကတော့ ဆိုရှယ်လစ်ဝါဒကွ လူတိုင်း ဆေးအလကား နေစရာအလကားရတယ်” တတိယလူကပြုံးနေတယ်… အဲဒါနဲ့ သူ့ကိုမေးကြတော့ သူကခပ်အေးအေးပဲ ဆေးလိပ်လေးခဲပြီးပြောတယ်… “ငါတို့တိုင်းပြည်က မင်းတို့ထက်သာတယ်… မုသာဝါဒ နဲ့အုပ်ချုပ်တာကွ… ဟင်း..ဟင်း..ဟင်း..”
သူတို့ပြောသလို ပစ္စည်းတွေ ဒုက္ခသည်တွေဆီ ရောက်မရောက်ကတော့ ကျိုက်လတ်မြို့ ဝင်တော့ လက်တွေ့သိရတော့တာပါပဲ… မြို့ထဲကို ကျွန်တော်တို့ကားတန်းကြီးဝင်တော့ မြို့ခံလူထုရဲ့မျက်နှာတွေက ဝမ်းသာတဲ့ပုံမပြကြဘူးဗျာ… နောက်တခါလာပြန်ချည်သေး ဆိုတဲ့မျက်နှာတွေနဲ့… အဲဒီမှာတင် အစကပြောတဲ့ဘုန်းကြီးရဲ့ အသံကိုကြားရတာပါပဲ… အင်းအခြေအနေက တော်တော်ကောင်းတာပဲ… ကျိုက်လတ်မြို့က လေဘေးဒဏ်တော်တော်ကြီးကို ခံလိုက်ရတဲ့မြို့ပါ… ကားတန်းကြီးက ကျိုက်လတ် မယက ရုံးကိုဝင်ရပါတယ်… မဝင်လို့မရပါဘူး…အဖွဲ့မှာ “UNHRC-United Arab Emirates” လို့ တံဆိပ်ကပ်ထားတဲ့ ရွက်ဖျင်တဲတွေပါလာတယ်… အဲဒါကြီးတွေကို ဖျာပုံမယက ကိုပို့ပေးရမယ်လို့ အော်ဒါကပါလာတာကိုး… အဲဒီမှာ ကျွန်တော်သူတို့နဲ့မပတ်သက်ချင်တာနဲ့ဝင်မထမ်းပဲ အဲဒီနားက ထမင်းဆိုင်လေးတစ်ဆိုင်မှာ တမင်းဝင်စားတယ်… စားရင်းသောက်ရင်းဆိုင်ရှင်ကို “အဲဒီအထုပ်တွေ အဲဒီအထဲဝင်သွားပြီး ဘယ်တော့ပြန်ထွက်လာလေ့ရှိသလဲ” လို့မေးကြည့်တယ်… အဲဒီတော့ ဆိုင်ရှင်က “ဘယ်တော့မှ ပြန်ထွက်မလာဘူး ဘယ်အပြင်လူ ဒုက္ခသည်မှ မရဘူး… ပုဂ္ဂိုလ်ရေးတွေပါနေတယ်…ပတ်သက်ရာပတ်သက်ကြောင်းတွေပဲရတာ… ဒါကိုယ်တို့ကရှင်းရှင်းပဲ ပြောတာ… သွပ်တွေဆိုနောက်ဖက်သွားကြည့် အများကြီးပဲ တကယ်လိုတဲ့သူမရဘူး… သူတို့က လုံးဝမမိုးရသေးတဲ့လူပဲပေးမယ်ပြောတယ်… ကိုယ့်ဟာကို ယာယီတာလပတ်လေး မိုးထားလဲမရဘူး သူတို့ပေးတဲ့အထိ မိုးရေထဲထိုင်စောင့်နေရမှာလား… ဟိုဘက်ရပ်ကွက်မှာ ကိုယ့်အမေသက် ကြီးရွယ်အိုကြီးရှိတယ် သူတောင်မိုးဖို့သွပ်မရဘူး… စားစရာ ဆန်ဆီဆား ဆိုဝေးရောပေါ့ကွာ… အဲဒီတော့ ငါ့ညီ…ရှင်းရှင်းပဲပြောမယ်… လှူချင်ရင် ရွာတွေမှာသွားလှူပါကွာ…ဒီမှာလာ မလှူပါနဲ့”… သူ့စကားကိုကြားပြီး ကျွန်တော်ရင်မောသွားတယ်… ဟုတ်ပါတယ်…ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီး သံသရာကို မကြောက်ကြဘူး… သူများအလှူပစ္စည်းကို ခေါင်းပုံဖြတ်ရုံတင်မဟုတ်ဘူး… သူတို့ဆီဝင်မလှူရင်တောင် ကာဆီးကာဆီး လုပ်သေးတာ… အဲဒီနေ့အထိ ကျိုက်လတ်ကို အလှူရှင်တွေအများကြီးလာသွားတယ်… ကိုယ်တိုင်မလှူရလို့ထွက်သွားကြတယ်… သီတဂူ ဆရာတော်လဲ ကိုယ်တိုင်ကြီးကြပ်ပြီးလာလှူတာ ကိုယ်တိုင်မလှူရလို့ တခြားသွားလှူတယ်…ဆိုတာတွေလဲကြားရတယ်…
ကျိုက်လတ်ကနေ ဖျာပုံ…ဖျာပုံကနေ ဘိုကလေးသွားဖို့စီစဉ်ကြတယ်… ဘိုကလေးကပိတ်ထားတယ်ကြားရတယ်… လမ်းကလဲပိတ်ဆို့နေတာ ဆက်သွားလို့မရတော့ဘူး… လမ်းတလျှောက်ကျေးရွာတွေမှာ တချို့ရွာတွေမှာဆို ဆင်းလှူဖို့တောင် အခြေနေမပေးလို့ကားပေါ်ကနေ အဝတ်တွေ မုန့်ထုပ်တွေကြဲချခဲ့ရတယ်… ကောက်လိုက်ကြတာဗျာ… ကျွန်တော် စိတ်ထဲမှာလုံးဝမကောင်းဘူး… လောလောဆယ်ဒုက္ခရောက်နေကြပေမယ့် နောက်ပိုင်းကြရင် ဒါကြီးက အကျင့်ပါသွားရင် မကောင်းဘူးလေ… ဒါတွေက အစိုးရပိုင်းကနေ လုပ်ဖို့တာဝန်ရှိပေမယ့် ဒီလူစိတ်ကင်းမဲ့တဲ့ နွားအဖွဲ့ကတော့ စတိသဘောတွေလုပ်ပြ ရုပ်ရှင်တွေရိုက်ပြရုံလောက်လုပ်ပြီး သူတို့စိတ်ဝင်စားတဲ့ မဲဆန္ဒပွဲကိုပဲ မဖြစ်ဖြစ်အောင်စီစဉ်လိုက်ကြတယ်… ထားပါတော့ဗျာ…ဒီကောင်တွေ အကြောင်းပြောရတာ အကုသိုလ်များပါတယ်…
ဒီခရီးစဉ်မှာ ကျွန်တော့်စိတ်ကို အထိခိုက်ဆုံးကတော့ ဖျာပုံက ဘုန်းကြီးကျောင်းကြီးတစ်ကျောင်းမှာ ပစ္စည်းပါသမျှကို နောက်ဆုံးလှူလိုက်ပြီး အမျှဝေလိုက်တဲ့ အချိန်ပါပဲ… “အားလုံး ကြားကြားသမျှ အမျှအမျှ” ဆိုတာကို လိုက်ဆိုနေတဲ့ ကျွန်တော့် အသံကတုန်နေတယ်… ကျွန်တော်တို့ Air-con အခန်းထဲမှာ စောင်လေးခြုံပြီး ဇိမ်ရှိရှိကွေးနေတဲ့အချိန် လမ်းဘေးမှာ မိုးရွာကြီးထဲ တာလပတ်ကို မိသားစုလိုက် ခြုံနေရတဲ့ ပြည်သူတွေရဲ့ ငိုသံတွေကြားလာရတယ်… ဒီရေတက်လာတာကို မိသားစုလိုက် လက်ချင်းချိတ်ပြီး ကြံ့ကြံ့ခံရင်း သေဆုံးသွားရသူတွေရဲ့ အော်သံတွေ ကောက်မယ့်သူမရှိလို့ ဒီရေတောထဲမှာ ပုပ်ပွသေနေကြတဲ့ မကျွတ်မလွတ်သူတွေရဲ့ အော်သံငိုသံတွေ ကြားလာရတယ်… လူသားတစ်ဦးဖြစ်တဲ့အပြင် ကျွန်တော်ကိုယ်တိုင်ကဧရာဝတီသားဆိုတော့ ကိုယ့်နယ်သားတွေ ဒီလိုဖြစ်နေတာ ဘယ်လိုကြည့်ရက်မှာလဲ… မကြည့်ရက်ပေမယ့် ကိုယ်ကိုတိုင်က ဘာမှမတတ်နိုင်သလောက်ပဲဖြစ်တော့ နိုင်သလောက်ပဲလုပ်ခဲ့ရတာပေါ့… နောက်တခေါက် အလျင်းသင့်ရင် ကျွန်တော်သွားချင်သေးတယ်…ကိုယ်နိုင်သလောက်လေးတွေ လုပ်ပေးချင်သေးတယ်… အခုတခေါက်ထဲတော့အားမရသေးဘူး…
ဒါပေမယ့်…အမြတ်ရလိုက်တာတခုက ဒီခရီးကအပြန်မှာ့ ကျွန်တော်ကိုယ်ဟာကိုယ် ဘာကောင်မှန်းသိလိုက်ရတယ် စိတ်ထဲက ကျေနပ်စွာရေရွတ်လိုက်မိတယ်…
“ငါဟာ လူသားတစ်ယောက်ဖြစ်တယ်”
0 မှတ်ချက်:
Post a Comment