Computerian Days : Chapter (3) Computer and Godzilla

Tuesday, November 4, 2008


ဘာလိုလိုနဲ့ ကျွန်တော်တို့လည်း ကျောင်းမရောက်တာတော်တော်ကြာသွားပြီ…။ ကျွန်တော်ကလည်း ကျောင်းသွားရမှပျင်း ၊ ခင်ဗျားကလဲ ကျွန်တော်တို့ကျောင်းရောက်ပြီးကတည်းက ကွန်ပြူတာဆိုတွန့်တွန့်သွားလို့ အခုဆို ကွန်ပြူတာရှေ့တောင် ရဲရဲမထိုင်ဘူးဆို…။ အင်း ဒီနေ့တော့ပျင်းတယ်ဗျာ ကျောင်း……… အမယ် မလန့်ပါနဲ့ဗျ…။ မသွားပါဘူး…။ ခင်ဗျားကို ကွန်ပြူတာကျောင်း အကြောင်းလေးတွေ နည်းနည်းထပ် ပြောပြမလို့ပါ…။
ကွန်ပြူတာတက္ကသိုလ်အကြောင်းပြောရင် ဂေါ်ဇီလာအကြောင်းကတော့ လုံးဝမပါလို့မဖြစ်ဘူးဗျို့…။ သူပါမှ ကွန်ပြူတာတက္ကသိုလ်အကြောင်းပြောရတာ အနှစ်သာရပြည့်စုံတယ်… အဓိပ္ပါယ်ပြည့်ဝတယ်…။ သူ့အကြောင်းတွေကအရင်တုန်းက ခင်ဗျားကိုကျောင်းထဲလိုက်ပို့တုန်းက ပြောဖူးတယ်ထင်တယ်…။ အဲဒီတုန်းကတောင် ခင်ဗျားက ဂေါ်ဇီလာဆိုတာဘာလဲ လို့တောင်မေးခဲ့သေးတယ်လေ…။ အဲဒီတုန်းက ပြေးရလွှားရနဲ့မို့ သေသေချာချာတောင် မပြောဖြစ်လိုက်ဖူး…။
ဂေါ်ဇီလာဆိုတာ ရန်ကုန်ကွန်ပြူတာတက္ကသိုလ် ရဲ့အဓိပတိခေါင်ချုပ် ပါချုပ်ပေါ့…။ ထူးတော့ထူးဆန်းတယ်…။ ကျနော်တို့ထက် နှစ်နှစ်ပဲကြီးတဲ့ စီနီယာတွေက သူတို့ စတက်စမှာ အဲဒီနာမည်ကို လုံးဝမကြားဖူးဘူးဆိုပဲ…။ သူတို့တက်ပြီးနောက်တစ်နှစ်လောက်နေမှ ဒုချုပ်အဖြစ်နဲ့ ဘွားကနဲပေါ်လာတာလို့ ဆိုကြတယ်…။ အဲဒီတုန်းက ပါချုပ်က ဦးပိုက်တင်… တော်တော်သဘောကောင်းတယ်… ကျနော်တို့မရောက်ခင်တနှစ်ပေါ့… ကွန်ပြူတာကျောင်းတွေ မောင်သောင်းအလိုကျ ၇၅% မပြည့်မီပါက စာမေးပွဲမဖြေရလုပ်တော့… ဖိုင်နယ်ကျောင်းသားကြီးတွေ ဟေးဟားဟေးဟား ထလုပ်ကြတယ်…။ အမယ်…အဲဒီတော့… အဲဒီကောင်ကြီးတွေ အကုန် စာမေးပွဲ အော်တိုမက်တစ်ဖြေလို့ရပြီး အောင်သွားကြတယ်ဗျား…။ အခုခေတ် ခင်ဗျားတို့လည်း အဲဒီလိုဖြစ်ရင် လုပ်ကြည့်ကြပါလား :P…။ အဲနောက်ပိုင်း ဦးပိုက်တင်ကို ကျွန်တော်တို့ First Year တစ်နှစ်ပဲတွေ့လိုက်ရတော့တယ်… နောက်နှစ်ကစလို့ ဂေါ်ဇီလာပဲ ကြီးစိုးမင်းမူတော့သပေါ့…။ အမယ်သူက ရန်ကုန်တစ်ခုထဲပါချုပ်တာမဟုတ်ဘူး၊ မန္တလေးကွန်ပြူတာကိုပါ လှမ်းချုပ်လိုက်သေးတယ်…။ အဲဒီတော့ မြန်မာပြည် ကွန်ပြူတာ အကယ်ဒမစ်ရဲ့ အကြီးဆုံး ထိပ်သီး စူပါစတားတစ်ဦးလို့ ဆိုလို့ရတယ်ပေါ့…။ အဲ…ဒါပေမယ့် မြန်မာနိုင်ငံကွန်ပြူတာအသင်းတို့ ကွန်ပြူတာပညာရှင်များအသင်းတို့ကျ သူကမပါဘူးဗျား…။ မာနကကြီးတယ်…။ သူတင်မဟုတ်ဘူး…။ ကွန်ပြူတာကျောင်းတွေပါ အဲဒီအသင်းအဖွဲ့တွေနဲ့ ဝေးဝေးကရှောင်ကြရတယ်…။
ပုံမှန်တက္ကသိုလ်တွေ ကောလိပ်တွေမှာဆိုရင် ပါမောက္ခတို့ ပါမောက္ခချုပ်တို့ဆိုတာ ကျောင်းသားတွေ တွေ့ရဖို့ အင်မတန်အလှမ်းဝေးတဲ့ ပုဂ္ဂိုလ်ကြီးများပေါ့…။ ဒါပေမယ့် ကွန်ပြူတာတက္ကသိုလ်မှာတော့ သူတို့ကိုတွေ့ဖို့က ခင်ဗျားဘာမှလုပ်နေစရာမလိုဘူး…။ ဂေါ်ဇီလာ ကျောင်းရောက်ပြီလို့ အသံကြားတာနဲ့ ကော်ရစ်ဒါတွေသာ ထွက်နေလိုက်ပေတော့…။ ခင်ဗျားရှေ့ကို အော်တိုမစ်တစ် ရောက်လာလိမ့်မယ်…။ သူကကျောင်းရောက်တာနဲ့ ကျောင်းမှာအဲယားကွန်းဖွင့်တဲ့တစ်ခုတည်းသောအခန်း၊ သူ့ရုံးခန်းမှာ ဇိမ်နဲ့မနေပဲ ကျောင်းကို တပတ်လှည့်ရောင်းလ်ပြီး ကော်ရစ်ဒါမှာတွေ့သမျှ အကုန်လိုက်ဘန်းတာ…။ မမြင်ချင်ဘူးပေါ့…။ အတွဲတို့ဘာတို့ဆိုလို့ကတော့ လစ်ပြီးသားပဲ…။ ပြစ်မှုရယ်ဘာရယ် မယ်မယ်ရရမဟုတ်ဘူး…။ စာသင်ချိန် ကော်ရစ်ဒါမှာတွေ့နေရတာကိုက ပြစ်မှုလို့ သတ်မှတ်ထားသတဲ့…။ တခါကတွေ့ဖူးတယ်… ဂေါ်ဇီလာလာပြီဆိုလို့ ပြေးကြလွှားကြနဲ့… ကျနော်ကတော့ပြေးလေ့မရှိပါဘူး… ဒါပေမယ့်တိုင်ကွယ်ထားတယ်… မျက်နှာကိုလဲ လာရစ်ရင် ဖြဲမယ်လို့မောင်းတင်ထားတယ်… သူကပဲမမြင်တာလား ကျနော့်မျက်နှာကြည့်ပြီးလန့်လားတော့မသိ (ဂေါ်ဇီလာသည် ဟန်ကိုယ်ဖို့လုပ်ထားသူများ ကျောင်းသားစုအုပ်လိုက် များကို အင်မတန်ကြောက်တတ်၏) သူနဲ့နီးရာက ကျနော့်လိုပဲ မပြေးပဲ လော်လီပေါ့စုပ်နေတဲ့တစ်ကောင်ကို သွားပြီး “ပေးစမ်း”
ဟိုကောင်ကလည်း
“ရော့” ဆိုပြီးလော်လီပေါ့ကြီးထိုးပေးတယ်…။ အဲဒီမှာ ဂေါ်တင်းသွားပြီး…
“အဲဒါကိုပြောတာမဟုတ်ဘူး ကျောင်းသားကဒ်ကိုပြောတာ” ဆိုပြီး လည်ပင်းမှာဆွဲထားတဲ့ကဒ် ဖြုတ်သွားပါရောလား…။ အဲဒါကြောင့်ကျနော်တို့တွေ အငယ်ကောင်တွေကို ပြောပြောနေတာလေ… ကျောင်းလာရင် အဲဒီကဒ်ကြီးမဆွဲပါနဲ့…။ ဖြစ်နိုင်ရင် အိမ်မှာထားခဲ့…။ လိုမှယူလာပြောတဲ့ဟာ…။ ပဲများပြီးဆွဲလာတော့ ဖြုတ်သွားရောပေါ့…။
တစ်ခါကတော့ ကျနော်တို့ဘော်ဒါအုပ်စုကြုံရတာ…။ ထုံးစံအတိုင်း အတန်းထဲမှာရိုးကောတွေရပြီးလို့ လစ်ထွက်လာကြတဲ့အချိန်… သူနဲ့တန်းတိုးပါရော…။ ရစ်တော့တာပေါ့ “ဘယ်ကလာသလဲ၊ ဘယ်အတန်းကလဲ၊ အလယ်ကကောင် ဘာလုပ်နေသလဲ ကျောင်းသားကဒ်ပြပါ… မင်းပုဆိုးက အရောင်မတူဘူး” အစရှိသဖြင့်ပေါ့…။ အဲဒီမှာ အဲဒီအလယ်ကကောင်က သုတ်ကနဲ တချိုးထဲလစ်ပြေးတော့တာ ပုဆိုးအောက်က အနီရောင်လေးတောင်မြင်ရတယ် …။ အမယ် ရိုးရိုးမပြေးပဲ ခါတောင်ပြလိုက်သေး၊ လက်ကိုပြောပါတယ်…။ အဲဒီတော့ အဖွားကြီးတင်းပြီး… “အဲကောင် ဘယ်ကကောင်လဲ နာမည်ရယ် အတန်းရယ်ပြော…” အဲဒီအချိန်အရေးကြုံရင်ညာနေကြ ကျနော့်ပါးစပ်က မသိဘူးမရှိဘူး လုပ်တော့မယ့်ဆဲဆဲ ကြောက်လန့်နေတဲ့တစ်ကောင်က ထပြီး ဖော်ရော…။ အဲဒီတော့ ထိုအလယ်ကကောင်ခမျာ အိမ်ကိုတိုင်စာရောက်သွားရရှာပြီး သူ့အမေကြီး ကွန်ပြူတာရောက်ပြီး ဂေါ်နဲ့တွေ့ရတော့တာပေါ့…။ သူတို့ချင်းဘာတွေပြောလဲတော့မသိ…။ ထွက်လာတော့ မျက်နှာက ကျွန်တော်တွေ့ဖူးသမျှ မျက်နှာတွေထဲမှာ အမည်းဆုံးပဲလို့တောင် ပြောလို့ရမယ်…။ “Rector” လို့တံဆိပ်ကပ်ထားတဲ့ အခန်းကိုပေစောင်းစောင်းနဲ့ကြည့်ပြီး ပါးစပ်က တတွတ်တွတ်နဲ့ရွတ်လို့…။ အဲဒီကောင် အခုထိ ကျောင်းမှာရှိသေးတယ်…။ Third Year ကို ကျအောင်ဖြေလို့ပြန်တက်နေရတယ်…။
တခါကပေါ့…။ ကျောင်းကားခတွေ ဈေးတက်တော့ ကျောင်းသားတွေရော ကားသမားတွေပါမကိုက်ဖူးဖြစ်နေတဲ့အချိန်…။ အတန်းတွေက ခေါင်းဆောင်တွေစုပြီး သူ့ကိုတက်အရေးဆိုကြသပေါ့…။ အမယ်အဲဒီတော့ ဘာပြောသလဲဆို… ကွန်ပြူတာဟာ ရန်ကုန်မှာရှိတဲ့ တက္ကသိုလ်တွေထဲမှာ အဝေးဆုံးဖြစ်ကြောင်း… အဲဒါကို ကားခအသက်သာဆုံးနဲ့ရအောင် သူကပဲ လူကြီးတွေကို အာပေါက်မတတ် အနစ်နာခံပြောရကြောင်း…။ အမယ်နောက်ပြီးပြောလိုက်သေးသဗျ… အခုလိုစေတနာဗလဗျစ်နဲ့ ကျောင်းကြီးကောင်းကျိုး အနစ်နာခံနေပေမယ့်… ကျောင်းသားတွေဟာ သူ့ကို အမြင်မကြည်ကြကြောင်း… သူ့ကိုတွေ့တာနဲ့ထွက်ပြေးကြကြောင်း… သူ့အနေနဲ့ အလွန်တရာဝမ်းနည်းလှကြောင်း ပြောသေးတယ်ဗျ…။ အဲဒီအသံတွေကို အဲဒီအထဲပါသွားတဲ့ ခေါင်းဆောင်တစ်ကောင်က mp3 နဲ့ဖမ်းထားသဗျ…။ လိုချင်ရင် အဲဒီကောင်ကို အခုရှာပြီး တောင်းလို့ရချင်ရလိမ့်မယ်…။ နိဂုံးချုပ်လိုက်တော့…။ ကားခတွေက နောက်ထပ် ထက်ဝက်ထပ်တက်သွားပါတယ်…။ ပြီးတော့ ကားသမားတွေကိုမေးကြည့်တော့ သူတို့မှာ ကျွန်တော်တို့ပေးရတာရဲ့ တဝက်သာသာပဲရကြောင်းသိရပါတယ်…။ အဲဒါနဲ့ သက်ဆိုင်ရာ ခရိုင်ရုံးတွေသွားစုံစမ်းတော့ ကျွန်တော်တို့ပေးရတာရဲ့ လေးပုံသုံးပုံရတယ်လို့ပြောပါတယ်…။ အဲ… ကျန်တဲ့တပုံကတော့ ဘယ်ရောက်သွားလဲ ကျွန်တော်ဥာဏ်မမှီလို့မစဉ်းစားတတ်တော့ပါဘူး…။ အဲ ဂေါ်ဇီလာရဲ့ လက်ကောက်ကြီးနဲ့ လည်ပင်းကရွှေဆွဲကြိုးကြီးကတော့ တဖြည်းဖြည်းကြီးလာတာတော့ သတိထားမိရဲ့…။ ဆိုင်လားမဆိုင်လားတော့ မသိပေါင်…။ အခုတော့ ကျောင်းမှာ ကျောင်းကစီစဉ်တဲ့ကားတွေ တော်တော်ရှားပါးသွားပြီ…။ ကိုယ်တိုင် ပရိုက်ဗိတ်ငှားကြတာပဲရှိတော့တယ်…။ အဲဒါက အချိန်လဲမှန်တယ်…။ တစ်လတစ်ခါ စာရေးမတွေရဲ့ ရှစ်ခေါက်ချိုးမျက်နှာကို မကြည့်ရတော့ဘူး…။ ဈေးကလည်း ဒီဈေးပဲ…။
နောက်ဆုံး ပြောချင်တာတစ်ခုရှိသေးတယ်…။ ကျွန်တော့် လက်ရင်းဒိုးဘော်ဒါတစ်ကောင်ခံလိုက်ရတာ…။ ဖဲရိုက်ရာ ကျောင်းကားနေရာလုရာကစတဲ့ ပြဿနာပေါ့…။ ညနေပိုင်းကျောင်းဆင်းချိန်ကျရင် ကျောင်းကားနေရာလုကြတာ ကွန်ပြူတာရဲ့ အကျင့်တခုပါ…။ အဲဒီမှာ တချို့စော်တွေက ကိုယ့်နေရာစာတင်မကပဲ သူတို့ရဲ့ယောင်းမငါးရာအတွက်ပါ နေရာဦးတတ်တဲ့ အကျင့်ဆိုးတွေရှိကြတယ်…။ ခုံတွေမှာစာအုပ်လေးတွေခင်းပြီးပေါ့…။ ကျွန်တော့်ဘော်ဒါကလည်း ကျနော့်လို ခပ်ဂျစ်ကန်ကန်ဆိုတော့ စာအုပ်တွေဖယ်ပြီးထိုင်တယ်ပေါ့ဗျာ…။ အဲဒါကို မာစတာက စော်ကြီးတဗွေက သူ့ကို ငြိုးထားသဗျ…။ နောက်ပြီးကားပေါ်မှာက ကျောင်းသားတို့ထုံးစံ ဖဲရိုက်ကြတယ်… တချို့တွေကတော့ ကြေးနဲ့ချကြပေမယ့် ဒီကောင်တွေက တရုတ်ချစ်တီးနှပ်ချေးတွေဆိုတော့ ကြေးမဟုတ်ပဲ အပျော်ရိုက်ကြတယ်…။ ကျောင်းထဲမှာလဲ မဟုတ်ပါဘူး…။ ကားပေါ်မှာ တညင်းကုန်းလောက်ရောက်နေကြပြီထင်တယ်…။ အဲဒါကို ဘယ်ကနေဘယ်လိုသတင်းရတယ်မသိပါဘူး… ဘွားတော်ကြီးက သူ့ကားနဲ့နောက်ကလိုက်လာပြီး ကားရှေ့က အတင်းပိတ်ပြီး ဖမ်းတယ်…။ အဲဒီအချိန်မှာ ဖဲထုပ်က ကားဆရာရဲ့ ဘစ်ကြားထဲရောက်သွားပြီ…။ ဒါပေမယ့် ဘွားတော်ကြီးက အဲဒီကောင်တွေကို ဖြဲတယ်…။ ကျောင်းနားမယ်ဘာညာပေါ့…။ အားလုံးဝိုင်းပြီးပြောတော့သူက ပြန်လှည့်သွားတယ်…။ နာမည်တွေ ကဒ်တွေတော့ ယူသွားသပေါ့…။ နောက်နေ့လည်းကျရော အဲဒီထဲမှာပါတဲ့ ခပ်တုံးတုံးကောင်တွေကို ခေါ်ပြီး အပျော်ရိုက်တာသာဖြစ်တဲ့အတွက်ဘာမှ မဖြစ်ကြောင်း ဝန်ခံလိုက်ရင် အားလုံးပြီးသွားမှာဖြစ်ကြောင်း ဘာညာနဲ့အပျော့ဆွဲတာပေါ့…။ တကယ်ဆို ဘူးခံငြင်းရင်ဖြစ်ပါတယ်…။ သက်သေမှ မရှိတာ…။ ဒါပေမယ့် ခပ်တုံးတုံးကောင်တွေဆိုတော့ ဝန်ခံလိုက်ကြတယ်…။ အဲ ဝန်ခံပြီး တစ်ပတ်လောက်ကြာတော့ အဲဒီကောင်တွေအစုလိုက်အပြုံလိုက် ကျောင်းတစ်နှစ် အနားခံလိုက်ကြရပါရောလား…။ အဲဒီအထဲမှာ ဖဲထုပ်ထဲက ကင်းကိုပြရင်တောင် ဒီကုလားက ဘာလို့ခေါင်းနှစ်လုံးဖြစ်နေတာလဲလို့ပြန်မေးမယ့် စာဂျပိုးတစ်ကောင်တောင် အချောင်ပါသွားသေးတယ်…။ မိဘတွေရောက်လာကြ အခြေအတင်ပြောကြနဲ့ တော်တော်ကြီးကျယ်လိုက်ပါတယ်…။ ကျနော် Second Year တုန်းကဖြစ်ခဲ့တာ…။ အဲဒီနောက်ကွယ်က ဖော်ကောင်ကို ကျွန်တော်တို့တတွေလည်း ကိုယ့်ဘော်ဒါ အချောင်ခံလိုက်ရတော့ မကျေနပ်ပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့လိုက်စုံစမ်းလိုက်ကြတော့ စောစောက ပြောတဲ့ မာစတာတက်နေတဲ့ စော်ကြီးဖြစ်နေပါရောလား…။ နောက်ပြီး အဲဒီစော်ကြီးကိုကြောင်နေတဲ့ ကျနော်တို့နဲ့ တစ်နှစ်ထဲ CS ကတစ်ကောင်လဲ ပါသတဲ့…။ ဖြစ်ကြရပုံများလေ… အဲဒီကတည်းက လူဆိုတာနေရာတစ်ခုအတွက်နဲ့ သူများဘဝကို ချနင်းဖို့ ဝန်မလေးပါလားဆိုတာ သိခဲ့ရတာ…။ (အဲဒီသူငယ်ချင်းလဲ အခုထိ ကျောင်းမှာရှိပါသေးသည်။)
ကဲ ကွန်ပြူတာနဲ့ ဂေါ်ဇီလာကတော့ ပြောရင် ဟိုအာရပ်တစ်ထောင့်တစ်ညပုံပြင်တွေထက်ရှည်သွားလိမ့်မယ်…။ ခင်ဗျားလဲ နားထောင်ရတာညောင်းရောပေါ့…။ ကျွန်တော်လဲပြောရတာ မောပြီဗျာ…။ လမ်းထိပ်ထွက်ပြီး တီးလေးဆွဲလိုက်ဦးမယ်… ခင်ဗျားလဲလိုက်ခဲ့လေ… အဲဒီမှာ တခြားကွန်ပြူတာဖြစ်ရပ်မှန်ပုံပြင်တွေ နားထောင်ချင်ရင် ထပ်ပြောပြမယ်…။




6 မှတ်ချက်:

Anonymous said...

အင်း အဲဒီသတင်းကြားလိုက်တယ် တစ်ကယ်ဖြစ်သွားတာကိုးးး မူယာမာယာများတယ်နော် ဂေါ်ဇီလာက ဟီးးး :P
နောက်တော့ ဟိုမမက ကျောင်းကားနေရာမရတာနဲ့ အဲလိုလုပ်ဖို့တော့မကောင်းပါဘူး
လော်လီပေါ့ကြီးထိုးပေးတဲ့တစ်ယောက်လည်း စံပဲ.. ဟားဟား ကြောင်သွားမှာပဲ ဟုတ်တာပဲလေ သူကဘာတောင်းမှန်းမှမသိတာ ပေးဆိုတော့လည်း .... :D

Anonymous said...

ကျနော်နဲ့ ခင်ဗျားနဲ့က တစ်နှစ်ထဲထင်တယ်။ ကျနော်က 15 batch က။ CS ကပါ။ CT က Mon Thein တို့ ရည်မွန်တို့ ခွေးပုတို့ကို ကောင်းကောင်းသိတယ်လေ။ ကျန်တဲ့သူတွေတော့ သိပ်မရင်းနှီးဘူး။ မျက်မှန်းတမ်းမိရုံလောက်ပဲ။ အရေးအသားတွေကောင်းလိုက်တာဗျာ။ ကျနော်လဲ အဲဒါမျိုးတွေပြောချင်လိုက်တာ။

Anonymous said...

အဟုတ်ပဲဗျို့.. တက္ကသိုလ်ကျောင်းသားဘ၀ကတော့ တကယ်ပါပဲ.. ဘယ်တော့မှ မမေ့နိုင်တဲ့ အမှတ်တရတွေအများကြီးပဲလေ..။ ကွန်ပြူတာနဲ့ ဂေါ်ဇီလာအကြောင်း နောက်လည်းဆက်ပြောဦးနော်..။

tututha said...

ဖဲဝိုင်းဖမ်းတဲ့ အခန်းတော့အကြိုက်ဆုံးပဲ.. ဂေါ်ဇီလာ ဂျိန်းစဘွန်းပေါ့ .... အဘွားကြီးဆိုတော့ ချာလီစ် အိန်ကျယ် ထင်တယ်နော် .

crazybloggergroup said...

အဲဒါပေါ့ဗျာ။ အတိတ်ရဲ့ ပြဿနာက ပစ္စုပ္ပန်ရဲ့ဟာသ။
ပစ္စုပ္ပန်ရဲ့ ဒုက္ခက အနာဂတ်ဟာသအတွက် ကုန်ကြမ်းပေါ့။
ကျောင်းတော်ကြီးရဲ့ ဒုက္ခတွေက အခု ပြောင်မြောက်တဲ့ ဟာသတစ်ပုဒ်ပါပဲ။

Younggun said...

စာများလို့ ဖတ်ရမှာပျင်းပေမယ့် ဖတ်ရင်းနဲ့ ရယ်မောရတာ၊ စက်စုပ်ရွံရှာတာတွေ တပြိုင်တည်းကို ခံစားရတာဗျာ။ ကိုယ်တိုင်က မတက်ဖူးပေမယ့် စာနာပါတယ်။ လက်ကောက်ကြီးတွေ၊ ဆွဲကြိုးကြီးတွေတုပ်တုပ်လာတာ ဂေါ်ဇီလာကြီး အင်ထုလို့နေမှာပေါ့။ ဟက်ဟက်

  © Blogger template Newspaper by Ourblogtemplates.com 2008

Back to TOP