အိပ်မက်နိုးခြင်း (၂)

Saturday, October 25, 2008

ကျနော်ငယ်ငယ် မန်းလေးရောက်တုန်းက မန်းလေးတောင်ကြီးသည် သူ့နေရာတွင်ထီးတည်း သက်သက်ရှုပ်နေသည်ဟုတွေးခဲ့ဖူးသည်...။ မန်းလေးတောင်ကြီးကို ရှုပ်သည်ထင်သောစိတ်ကူးသည် ကြီးလာ၍ Web Design သင်တန်းတက်သောအခါ ဒီဇိုင်းအလုပ်နှင့် မသင့်လျော်ဟူသော မှတ်ချက်တစ်ခုဖြင့်သာ အဆုံးသတ်ရဖူးပါသည်...။ သို့ရာတွင် ကျွန်တော့ရှေ့တွင် တွတ်ထိုးနေကြသော သမီးရည်းစားစုံတွဲများကိုမူ ဘယ်တုန်းကမှရှုပ်သည်ဟု မမြင်ခဲ့...။

ညနေတိုင်း အိပ်မက်မက်သောစိတ်ကုးများသည် ဘီယာပုလင်းမှတဆင့် အစာအိမ်ထဲ ကိန်းအောင်းခဲ့လေသည်...။ သို့ရာတွင် နောက်ငါးမိနစ်ခန့်၌ လိုင်းကားနောက်တွယ်တွင် သက်စွန့်ဆံဖျားပါသွားသော “မောင်အန်ဒီ” ဟုတံဆိပ်ကပ်ထားသော ခပ်ချာချာငတိနှင့်အတူ တွယ်ကပ်လိုက်ပါရန် ငြင်းဆန်ပြီး ကျန်ရစ်ခဲ့ကြသည်...။ စင်စစ် ကျွန်တော်မှာ ကားမလာသည့် မှတ်တိုင်၌ ရပ်စောင့်နေသောသူတစ်ယောက်သာ ဖြစ်ပါသည်...။

မော်ဒန်စာပေထက် မော်ဒန်ရော့ခ်ဂီတကို ပိုမိုချစ်မြတ်နိုးသောကျွန်တော် ဘာ့ကြောင့် ကဗျာတွေပိုရေးဖြစ်သလဲ မသိပါ...။

သေချာသော ဦးနှောက်သတင်းပေးပို့ချက်တစ်ခုအရတော့ ဘီယာဆိုင်မှ အကင်နံ့သည် စံပယ်ပန်းရနံ့ထက်မွှေးပါသည်... ဤကားကျွန်တော့် အတွေးခေါ်တပိုင်းတစဖြစ်ချင်ဖြစ်ပါလိမ့်မည်...။

ကြားဖူးနားဝ တံဆိပ်တစ်ခုရှိသည့် ကျွန်တော်မသိသော အမျိုးအစား အင်္ကျီနှင့် Levi's ဘောင်းဘီအကောင်းစားဝတ်ထားသော ကောင်မလေးတစ်ယောက်နှင့် တီရှပ်နှင့် ပုဆိုးအနွမ်းတို့ကို ဝတ်ဆင်ထားသော ကောင်လေးတစ်ယောက်တို့စုံတွဲကို တွေ့သောအခါ ဘာမဆိုင်ညာမဆိုင် ကျွန်တော့်ဖိနပ်ကိုငုံ့ကြည့်မိပါသည်...။
ကျွန်တော်ဝတ်ထားသည်က အကောင်းစား ဂျပန်ဖိနပ် ဖြစ်ပါသည်...။

2 မှတ်ချက်:

tututha said...

အိပ်မက်က တကယ်နိုးတာကော ဟုတ်ရဲ့လား ...။

Anonymous said...

ဂျပန်ဖိနပ်က နံမည်ကြီး Jမောင်မောင်တောင် စီးခဲ့ဖူးတယ်။

  © Blogger template Newspaper by Ourblogtemplates.com 2008

Back to TOP