အိမ်မက်နိုးခြင်း (၁)

Wednesday, October 22, 2008


လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက ကြဲပြန့်နေတဲ့ နံနက်ခင်းတိုင်း ဘေးအိမ်က နံနက်ချိန်ခါတေးသံသာတွေနဲ့ နိုးတတ်တဲ့ကျွန်တော် နာရီနှိုးစက်သံတောင် ကောင်းကောင်းမဖြုံတတ်တော့ဘူး…။ ဥပမာ… ဒီနေ့ (စာဖတ်သူ အခုဖတ်နေရင် ဖတ်နေတဲ့ဒီနေ့ ရေးနေတာက ရေးတဲ့နေ့) မနက် ၆ နာရီ နိုးစက်ပေးထားတယ်…။ နှိုးစက်ခမျာ သံပတ်တောင် အစွမ်းကုန် ပြေလျော့ခွင့်မရရှာဘူး…။ ကျွန်တော်အိပ်မက်ဆက်မက်တယ်…။ ညရဲ့ ဝိဥာဏ်တွေ မနက်စာစားတဲ့အထိ တစ်ညလုံး အငှားခံစားမှုတွေနောက် ကောက်ကောက်ပါခဲ့တယ်…။ ဒါတွေက ကျွန်တော့်ကို နိုးအောင် မနိုးဘူး (ဝါ) အိပ်ပျော်နေစေတယ်…။ အခုထိ တစ်ယောက်မှလည်း လာမနှိုးဘူး…။
ဒီလိုနဲ့ နာရီတွေ လတွေ အချိန်တွေ ကုန်သွားတယ်…။ အိပ်နေခဲ့တာ ကြာပြီလို့ထင်တယ်…။ Fuzzy Logic သဘောအရ ဘာမှ မသေချာ ယောင်ဝါးဝါး ကယောက်ကယက်စိတ်ထင်မှု…။ ယောင်ဝါးဝါးနဲ့ နိုးတတ်လာခဲ့ရော…။ ဒါပေမယ့် “ဟင် ငါအိပ်မက်မက်နေပါလား” လို့သိတတ်ခဲ့တယ်…။ ပတ်ဝန်းကျင်က ရုတ်ချည်းပြောင်းလဲသွားတယ်… တိကျသေချာမှုတွေ ဘောင်ခတ်တယ်…။ ပြတ်တောင်း ပြတ်တောင်းနဲ့ စကားတွေပြောကြတယ်…။ “ဟေ့ မင်းကဘာကောင်” “ငါကဟောင်” အဲဒီလိုမျိုး… အတင်းကာရန်ညှိဖို့ကြိုးစားကြတာကလား…။ အဲဒီကြားတွေထဲမှာ မသိမသာ ဂျစ်ကန်ကန်လုပ်ရင်း…
“အဆင်ပြေရဲ့လားဟေ့”
“ဒါပြီးဘာအချိန်လဲ”
“ရိုးကော ရပြီးပလား” အစရှိတဲ့ မေးခွန်းတွေပဲ သုံးနှစ်လောက် အလွတ်ရခဲ့တယ်…။ နေလို့ရရဲ့လားမေးရင်… ကောင်မလေးတွေ မဖြေချင်ရင်ပြောသလို “အင်း…ဒီလိုပါပဲ”…နဲ့ ဒီလိုပါပဲ လောကကြီးထဲ နေလို့မရတရနေခဲ့တယ်…။ ယောင်ဝါးဝါးနိုးနေတယ်လေ…။ အမယ် သေသေချာချာသာနိုးကြည့်ပါလား… ဒီနေရာမှာတင် စကောနှစ်ချပ်အတောင်တပ်ပြီး ပျံသွားတာကြာချေပေါ့…။
အဲဒီလိုနဲ့ ဆရာသစ္စာနီရဲ့ သစ္စာနီ ပျောက်ဆုံးခြင်း ကဗျာကို မရ ရအောင်ကူးတယ်…။ ရအောင်ကျက်ဖို့က ကျွန်တော့်ဦးနှောက်ရဲ့ မန်မိုရီ requirement မပြည့်မီဘူးတဲ့…။ ဒါကြောင့်ကူးတယ်…ကူးတယ်…ကူးတယ်…။ ဝမ်းနည်းစရာကောင်းတာက… ကူးဖို့အသိဥာဏ်ကလည်း မပြည့်မီလေတော့ နှစ်ပိုဒ်ပဲကူးလိုက်နိုင်တယ်… အဲဒါနဲ့ မထူးဘူးဆိုပြီး လူစိမ်း တစ်ယောက်ဆီက စာအုပ်ကိုဘုံးလိုက်တယ်…။ ဒီ…လို…နဲ့…။ ဒီ…လို…ပါ…ပဲ…။

2 မှတ်ချက်:

tututha said...

အတည်ပေါက်ကို ပြောင်တာပါလား ... humn

Dream said...

ကဲ.. ဘုံးတွားဒဲ့ချာအုပ် အထုဒေါ့မိပြီ
ပြန်ပေးတော့.. ဒါဖဲ.. မဟုတ်ရင် 199နဲ့တိုင်ပေါမယ်..
ဟင်းဟင်း... ကဲ..အိပ်မက်တွေလည်း ဆက်မမက်
နဲ့တော့.... :P :P

  © Blogger template Newspaper by Ourblogtemplates.com 2008

Back to TOP