ဗရုတ်ဗရက် အမူးသမားများ

Monday, October 20, 2008

မောင်အန်ဒီတစ်ယောက် အဝေးပြေးကားပေါ်မှအဆင်း မွေးရပ်လေကိုရှူမိလိုက်သည်နှင့် စိတ်ထဲကြည်နူးသွားလေသည်။ မွေးရပ်မြေဟင်္သာတသို့ မရောက်သည်မှာအတော်ကြာလေပြီ…။ သုံးနှစ်လောက်ရှိတော့မည်…။ သည်တစ်ခါတော့ရောက်ဖြစ်ပြီ…။ ရောက်သည်ကလဲ အချိန်ကောင်း တန်ဆောင်တိုင် ကထိန်ပွဲ…။ ဟင်္သာတမှာ သီတင်းကျွတ်ထက် တန်ဆောင်တိုင်ကပိုစည်သည်…ပြီးတော့…။
ဇာတိမြေကို ခြေချလိုက်သည်နှင့် မနက်ကတည်းက ကြုံရသည့် ခိုးလို့ခုလုများ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားသည်…။ ညကစီစဉ်ထားသည်က မနက်ငါးနာရီကားနှင့်သွားမည်… နေ့လည်ရောက်မည်… ထမင်းစားသောက်တရေးအိပ်ပြီးသည်နှင့် စနိုပီသို့ ချီတက်မည်…။ စီစဉ်ထားသည့် အတိုင်းတော့ဖြစ်လာသည်… တစ်ခုပဲလွဲသည်… မနက်ငါးနာရီကားမဟုတ်ပဲ ၁၀နာရီကားဖြစ်နေတာတစ်ခုပဲ… ကျန်တာအကုန်အဆင်ပြေသည်…။ မသွားခင်တစ်လလောက်ကတည်းက စာမေးပွဲရှိနေသည်ကို စိတ်မဝင်စားပဲ ပြန်ဖို့သာ ဆပ်စလူးထနေသဖြင့် အိမ်က သောက်မြင်ကပ်နေသည်မှာကြာပြီ… ထို့ကြောင့် မနက်က တမင်မနိုးကြခြင်း… ဟွန်း…သူတို့လဲပြန်ချင်ပြန်ပေါ့… အလကားသက်သက်မနာလိုနေကြတာ…။ ကားဂိတ်ရောက်တော့ ထုံးစံအတိုင်းနေရာမရှိ…ဘယ်ရှိမလဲ… ပိတ်ရက်ပြန်ကြတာကိုး… ကားစပယ်ယာကတော့ပြောသည်… “ရတယ်…တက်…စက်ဖုံးပေါ်ကလဲလိုက်လို့ရတယ်… ကြားမှာလဲ ခုံတွေထိုးလို့ရတယ်… တံခါးကတွယ်လဲရတယ်… နောက်ဆုံးနေရာမရှိတော့လို့ ကားမောင်းတတ်ရင် ဒရိုင်ဘာပါဖယ်ပေးမယ်” သို့နှင့်စက်ဖုံးပေါ်က ကိုးလိုးကန့်လန့်နှင့်ပါလာသည်… ကားကတော်တော်နှင့်မထွက် ၁၀ နာရီဆိုလျှင် ၁၀ခွဲ၊ ၁၁ ဖြစ်သွားတတ်သည်…ထို့ကြောင့် အပြင်မှာဟိုလျှောက်ဒီလျှောက်ရင်း… “အငဲရဲ့ ခုနှစ်ထွေအက ဗီစီဒီ ထွက်နေပြီနော် ၅၀၀ ထဲ ၅၀၀” ။ မောင်အန်ဒီစိတ်ဝင်စားသွားသည်… “ဒီနေ့မှထွက်တာထင်ရဲ့ မြန်လိုက်တာ” ထိုသူ့အနားကပ်သွားသည်… သို့ရာတွင် မည်သို့ဖြစ်သည်မသိ…ထိုသူက မောင်အန်ဒီကိုမြင်သည်နှင့်လေသံကိုနှိမ့်၍… “ဟား အစ်ကို… အသစ်တွေ ရောက်နေတယ်ဗျ ရှယ်လေးတွေချည်းပဲ ကြည့်မလား” ဟုဆိုကာ Naked တံဆိပ်အင်္ကျီ များကိုဝတ်ဆင်ထားကြသည့် ကောင်မလေးပုံများပါသော အခွေများကိုထုတ်ပြလေ၏….။ “အင်...ဘာဗျ…ကျုပ်ကိုဘာမှတ်တုန်းဗျဟင်… ဒီလိုဟာမျိုးတွေ့သမျှဝယ်တယ် ဟင်ဟုတ်ပေါင် အဲ ဝယ်မယ့်မျက်ခွက်လား ပြောစမ်းဘာ ပြောလိုက်စမ်းဘာ…” “မဟုတ်ပါဘူးဗျာ ဆောဒီးနော်” ထိုသူစပ်ဖြဲဖြဲနှင့် ထွက်သွားသည်…။ မောင်အန်ဒီတစ်ယောက်သာ ကသိကအောင့်ဖြင့်ကျန်ခဲ့သည်…။
လမ်းက တော်တော်ဆိုးသည်…။ ရန်ကုန်အထွက် ညောင်တုန်းတံတားကျော်ပြီးသည်နှင့် စလာသည်…။ မြန်မာပြည်မှာ အဆိုးဆုံးသောလမ်းများတွင် ဧရာဝတီတိုင်းမှ လမ်းများလဲပါသည်…။ ဘယ်တော့မှ မကောင်း… နောက်လဲဘယ်တော့မှ ကောင်းမည့်ပုံတော့ မပေါ်ပေ…။ ဒီကြားထဲစက်ဖုံးပေါ်ထိုင်နေရသော မောင်အန်ဒီခင်မျာ ဘာကြောင့်ရယ်မသိ ပေါင်မုန့်မီးကျွမ်းနှင့် ဝက်အူချောင်း အတူးများသာ မျက်စိထဲမြင်ယောင်နေသည်…။
အခုတော့ စိတ်အေးသွားရပြီ…။ ပေါင်မုန့်မီးကျွမ်းများနှင့် ဝက်အူချောင်းများလဲ မရှိတော့…။ ကားဂိတ်နှင့်နီးသည့် ဦးလေးအိမ်သို့ အထုတ်များဝင်ထားသည်…။ ဦးလေးအိမ်သားများကတော့ အိမ်ပေါ်သို့ လျှပ်စီးလက်သကဲ့သို့ဝင်လာပြီး… အထုတ်များထားကာ လျှပ်စီးလက်သလို ပြန်ထွက်သွားသော မောင်အန်ဒီကို ကြောင်တောင်တောင် ကြည့်နေကြသည်… ညနေစောင်းတော့မည်လေ…။
မောင်အန်ဒီတစ်ယောက် ရောက်ရောက်ချင်း ရေပင်မချိုးနိုင်ပဲ ပုရိဿအပေါင်း ယောင်္ကျားကောင်းတို့ စံမြန်းရာ စနိုပီသို့ ဆိုင်ကယ်ကို ဒုန်းဆိုင်းခဲ့၏…။ ချိန်းထားလျှင်တောင်လွဲမည်… အစ်ကိုတော် သုံးကောင်မှာ စနိုပီရိပ်မြုံတွင် ဝီခွက်ကိုယ်စီဖြင့်စံမြန်းနေကြလေပြီ…။
“ဟေ့လူကြီးတွေ…”
“ဟား ဟေ့ကောင်ကြီး ရောက်လာပြီ လာကွ ချ”
သုံးမိနစ်အတွင်း ရှေ့ရောက်လာသည့် ဖန်ခွက်ထဲမှ ပယင်းရောင် အရည်များကုန်သွားသည်…။
“မင်းကွာ … ရန်ကုန်မှာ တော်တော်ငတ်လာပုံရတယ်… ဒါကြောင့်ငါရန်ကုန်ကို ဘယ်တော့မှ မသွားတော့တာ…” အစ်ကိုကြီးက မှတ်ချက်ချသည်…။ “ဟာ ဒီအကောင်ကိုက ငတ်တာပါဗျာ…” အလတ်ကောင်က ထောပနာပြုသည်… “ဒီကောင်က ကြွက်တွင်းမဟုတ်ဘူး… ရေတွင်းပျက်ဗျ ရေတွင်းပျက်…” အငယ်ကောင်ကချီးကြူးသည်…။
“ဟုတ်တယ်ဗျ…ရန်ကုန်မှာဆိုရင်…အနေဆင်းရဲ အစားဆင်းရဲ အသောက်ဆင်းရဲ အသွားဆင်းရဲ စိတ်ဆင်းရဲ… အာ….အကုန်ဆင်းရဲတယ်ဗျာ မပြောတော့ဘူး…ဂါးးးးးးးးးးး ဒေါသထွက်လာပြီ…ဟင်းဟင်းဟင်း…”
မောင်အန်ဒီမှာ တခြားအချိန်တွင် စိတ်ရှည်သလောက် အရည်လေးဝင်လျှင် စိတ်ကလက်တဆစ် သာရှိပါသည်။ “ကဲ… အခုဘာအစီအစဉ်တွေ ရှိကြသလဲ…”
“ညကြရင် ဟို သိန်းထွန်းတို့အဖွဲ့နဲ့ “နဂါးမင်း” မှာချိန်းထားတယ်၊ ပြီးရင် နတ်မော်ဘက်အထိ လေညှင်းခံကြမယ်… ပြီးရင် ဟဲဟဲ ရွှေလဝန်း မှာဝင်နားမယ်”
“ဘာလဲဗျ ရွှေလဝန်း”
“မင်းက အဆက်ပြတ်သွားတော့ ဘယ်သိမလဲကွ… ဒီမှာတော့ ရွှေလဝန်းဆို ကာလသားတိုင်းသိသကွယ့် ကလေးရဲ့”
“ဟင်…အာ… ကျုပ်အခုမလုပ်ချင်ဘူးဗျာ…ဝါသနာလဲ မပါဘူး”
“နောက်ပါရင်ပါလာမှာပေါ့ကွာ…အခုလောလောဆယ်တော့ ဆွဲလိုက်ပါဦး…ချီးယားစ်”

ငတ်ငတ်နှင့် ချီးယားစ်လိုက်တာ စနိုပီမှထွက်တော့ လူကတော်တော်ယိုင်နေပြီ… သို့သော် ကိုယ့်ဟာကိုယ် လူလည်ကြီးစတိုင်ဖြင့် မမူးဘူးကွ ခြေလှမ်းမမှားဘူးကွ ဟူသောအမူအရာဖြင့် ပြုံးစိစိလုပ်ကာ ဆိုင်ကယ်ကိုတက်ခွသည်… ထို့နောက် အစ်ကိုတွေနောက်မှ သူတို့သွားရာ ရွှေနဂါးသို့လိုက်ပါလာလေ၏…။ ရွှေနဂါးရောက်သော် သူတို့ဘော်ဒါများကလည်း ဝိုင်းထောင်နေကြပြီ…
“ဒါပြီး နောက်တနေရာဝင်ရဦးမယ်ကွ”
“ကောင်းတာပေါ့ဗျာ များများဝင်…များများဝင်”
နာရီဝက်လောက်အကြာ… “ဟေ့ရောင် သိပ်မလုပ်နဲ့နော် တော်ကြာနေဂိနေဦးမယ်”
“ပိုင်ပါတယ်ဗျာ… နို့မို့ရာဇဝင်တွေ သမိုင်းတွေ ရိုင်းကုန်မှာပေါ့… ဂစ်ဖ်မီ တူးပက် ဝူးဝူး….ဝေါ့….”
သို့နှင့် ရွှေနဂါးမှ သူရဲကောင်းကြီးများထွက်လာကြလေ၏…။ နောက်တနေရာကူးကြပြန်သည်… ထို့အတူ မောင်အန်ဒီတစ်ယောက်လဲ ဘာမှကောင်းကောင်းမမြင်ရတော့…။ မှတ်မိသည်ကား… နောက်တနေရာတွင် သောက်ကြပြန်သည်… တော်တော်မူးနေပြီဖြစ်သော မောင်အန်ဒီတစ်ယောက် တဟီးဟီး တဟားဟားဖြင့် တဝိုင်းလုံးသူအသံအကျယ်ဆုံးဖြစ်သွားသည်… ထို့နောက် ရွှေလမင်းမသွားခင် လေညှင်းခံမည်ဟိုဆိုကာ ဆိုင်ကယ်ကို ပတ်မောင်းကြသည်… ဆိုင်ကယ်ကိုလက်လွှတ်မောင်းသည်… နားမခံသာသော ဘယ်ကီးမှ မဝင်သည့် အသံကြီးများဖြင့် သီချင်းများအော်ဟစ်သီဆိုကြသည်… ထိုစဉ် လမ်းဘေးမှ “နားညီးတယ်ကွ” ဟူသော အသံကြားရသည်… မောင်အန်ဒီ့ဆိုင်ကယ်ထိုးရပ်သွားသည်…။ ထိုနောက် ဘာမှ မမှတ်မိတော့…။

မနက်မိုးလင်းတော့ မောင်အန်ဒီ ခေါင်းတွေတော်တော်ကိုက်နေသည်…။ ဘယ်နေရာရောက်လို့ဘာဖြစ်သွားမှန်းလဲ စဉ်းစားမရ…။ ဆီးသွားချင်နေသည်ကို သတိထားမိသဖြင့် ထရန်အားယူ…။ “ဟင် ငါ့ခြေထောက်တွေ လှုပ်လို့မရပါလားဟ… ဘာဖြစ်…” ကြည့်လိုက်တော့ “ထိပ်တုံး”… ရီဝေသော မျက်လုံးများဖြင့် ကြည့်လိုက်တော့ သံတိုင်တွေကို မြင်နေရသည်… သို့နှင့် ဘေးမှ တစ်ယောက်အား
“ဘာဖြစ်တာလဲဟင်…”
သူကကြေကွဲစွာ ညောင်နာနာအသံဖြင့်
“မင်းကြောင့်… တောက်ခ်… မင်းလုပ်လို့ ငါတို့ရဲ့ လမင်းအိပ်မက်ကလေး ပျက်စီးပြိုကျ မြေခသွားခဲ့ရပြီ…”
ထိုသူမှာ ကဗျာဆရာလုပ်ရန် လေ့ကျင့်နေသူဟု ပြောပါသည်…။
“ကျုပ်က ဘာလုပ်လို့လဲဗျ”
“ဘာလုပ်ရမှာလဲ… ညကမင်းအမူးလွန်ပြီး လမ်းဘေးကနေ လှမ်းဆဲတဲ့ကောင်တွေကို ဆင်းရိုက်တယ်လေ… ငါ့လခွေးတဲ့ မြန်လိုက်တဲ့ကောင် ငါတို့ဆိုင်ကယ်တွေဒေါက်ထောက်ပြီးတော့ မင်းကအဲဒီထဲက တစ်ကောင်ကိုရိုက်ပြီး အဝိုင်းခံနေရပြီ… အဲဒီတော့ ငါတို့ကဝင်ရိုက်ရတော့တာပေါ့ကွ… တောက် လဒကတော့ ကူတဲ့လူတွေလဲလာရော ဘေးထွက်ပြီး အုတ်ခုံပေါ်ပက်လက်ကလေး လေချွန်လို့… ငါ့မှာ ဟိုကောင်တွေမရိုက်ချင်ပဲ မင်းလာရိုက်ချင်တာ တောက်”
“ဘယ်သိမလဲဗျ မူးနေတာကို… ဒါနဲ့ ဒီအတိုင်းကြီးဘယ်လောက်နေရမှာလဲ…ကျုပ်တို့ ဦးလေးလာရွေးမှာပေါ့….”
“လာပါလိမ့်မယ်… မင်းတို့ဘိုးတော်ကြီးက၊ ဒီလောက် ကြက်သန်းထ ဗရုတ်ဗရက် ဗြောင်းသတ်တဲ့ကောင်တွေ မှတ်လောက်သားလောက် ဒီနေ့တစ်နေ့လုံး ဒီအတိုင်းထားမယ်တဲ့ မနက်ဖြန်မနက်ကျမှ လာရွေးမယ်တဲ့ အခုနက မင်းမှောက်နေတုန်း လာပြောသွားတယ်…”
=======================================================================================
ကဲပြီးပါပြီ...။ တက်ဂ်ထားတဲ့မမဝါလဲ ကျေနပ်လောက်ပါပြီ...။ တစ်ခုတော့ပြောချင်ပါတယ်... အထက်ကဝတ္ထုဟာ တကယ်လား စိတ်ကူးယဉ်လားတော့ မပြောတော့ပါဘူး...။ အကယ်၍ သိချင်တဲ့ ဘလော့ဂါသုတေသီ ပုဂ္ဂိုလ်မြတ်များရှိရင်ဖြင့် ထန်းရည်မူးကျွဲခိုးပေါ်ဆိုတဲ့ စကားအရ မောင်အန်ဒီကို အရက်မူးအောင်တိုက်၍ မေးမြန်းစုံစမ်းနိုင်ပါကြောင်း....။

5 မှတ်ချက်:

WWKM said...

အော..မောင်အန်ဒီတို့ ကတော့ သြောချလောက်ပါပေရဲ့။
ဖတ်လို့ကောင်းအောင် ရေးတတ်ပါတယ် မောင်အန်ဒီရေ...ကျေးဇူးပါမောင်လေးအန်ဒီ။
ဗရုတ်သုတ်ခနေ့လေးက အမှတ်တရနေ့လေးတွေဖြစ်
မေနမှာပါ။
ပျော်စရာကြီးနော်.. ထိတ်တုန်းခတ်ခံရတာ ။ အဟီး
မောင်အန်ဒီတို့ ကတော့တော်တော်ဆိုးမယ်ထင်ပါရဲ့။

ခင်တဲ့
မမ၀ါ

tututha said...

ထိပ်တုံးလေးနဲ့ အမှတ်တရ ဆိုပြီးဓာတ်ပုံလေးရိုက် ဘလော့မှာတင်ရမှာဟ။ ပြောချင်ပြော မပြောချင်နေ အရက်တော့မတိုက်နိုင်ဘူးဟေ့။ ဘယ့်နှယ် ကြံကြံဖန်ဖန် ရေတွင်းပျက်တဲ့ … ။ ကိုယ့်ဘာသာတောင် မလောက်ရတဲ့ထဲ။ ဂါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး။

Anonymous said...

ညီလေးအန်ဒီရေ
ဘယ်သူ့မှမပြောရင်နေကွာ
အကို့ကိုတော့ပြောပြ တကယ်လားဆိုတာ
သွားစို့ ၀မ်းဖိုးဖိုက်, ဖြူနီပြာဝါ, Lion House
အကိုတို့ သွားမော့ကြမယ်ဟေ့
ဒီတစ်ခါတော့ ထိပ်တုံးဟုတ်မယ်မထင်ဘူးကွာ
ထိပ်တုံးထက်တော့ အဆင့်မြင့်လောက်ပြီကွ ဟဲဟဲ
အားမငယ်ပါနဲ့ကွာ အကိုလဲပါတာပဲကို ဟီးဟီး

မောင်ဖားကြီး said...

ဟသာင်္တ လမ်း ကျွန်တော်လည်းသွားဖူးတယ်ဗျ
လမ်းက တော်တော်ဆိုးတယ်။
ကျွန်တော့် အမေကလည်း အဲ့ဒီဘက်က ဇာတိလေ
စိတ်မဆိုးနဲ့ဗျာ.... အဲ့ဒီဘက်သွားရင် လယ်ကွင်း
တွေချည်းပဲမို့ ကျွန်တော်တော့ပျင်းတယ်။
သြော် ...ဒါပေမယ့်လည်း မြန်မာပြည်ရဲ့ စပါးကျီပဲလေ။
ဒီအတွက်တော့ ဂုဏ်ယူပါတယ်ဗျာ

Nay Nay said...

Hi Andy,
နေနေလဲ ဟသာင်္တ ကပဲ
အိမ်ကိုလွမ်းနေရတဲ့ကြားထဲဒီ post ဖတ်ပြီးပိုဆိုးသွားပြီ :(
အရက်သောက်ချင်လို့တော့ဟုတ်ဖူးနော် :D
ဒါနဲ့ စနိုပီ ကဘယ်နားကဆိုင်လဲ တိဖူး...

  © Blogger template Newspaper by Ourblogtemplates.com 2008

Back to TOP