မသေခင်

Sunday, September 21, 2008

ဘယ်နှစ်ခုမြောက်သောနေ့တွင် မသိ… ကျွန်တော် အိပ်ရာမှ နိုးထခဲ့လေသည်…။ ပုံမှန်မနက်ခင်းတစ်ခုတွင် ပုံမှန်နိုးထခဲ့သော်လည်း မည်သို့မည်ပုံ ဖြစ်လေသည်မသိ။ ပုံမှန်နေရာတစ်ခု မဟုတ်ခဲ့…။ လမ်းခွတ်လပ် လမ်းဆုံလို နေရာမျိုးတွင် နိုးထလာခြင်းဖြစ်သည်…။ သို့ရာတွင် ၄င်းလမ်းဆုံမှာ လှည်းတန်းလို၊ မြေနီကုန်းလို ကားအပြွတ်လိုက် တဖုံးဖုံး တဒုန်းဒုန်းဖြစ်နေသည့် နေရာမျိုးမဟုတ်…။ ကားဟူ၍ တစ်စင်းတစ်လေမှ မရှိ…။ သို့ရာတွင် မော်တော်ကား မှတ်တိုင်ကဲ့သို့ လူပေါင်းစုံ ကြွက်စီကြွက်စီဖြင့် တန်းစီနေကြသောနေရာဖြစ်၏…။ ရှေ့တွင် တန်းစီနေကြသူများမှာ တစ်ရာနီးပါးလောက်ရှိမည်ထင်သည်…။ လူတန်းကြီး၏ ရှေ့တွင် အလွန်ကြီးမားသော ပန်းကန်ပြားပျံလို အရာဝတ္ထုများ တန်းစီရပ်ထားသည်…။ အပေါ်တွင်လည်း မဆုံးနိုင်သော လှေကားလိုလို သိပံ္ပကားထဲက မိုးပျံလမ်းလိုလို အရာများ ခြောက်ကပ်ကပ် တည်ရှိနေကြသည်…။ ထိုအရာများနှင့် မလှမ်းမကမ်းတွင် မြေကြီးထဲသို့ ထိုးဝင်သွားသည့် နိုင်ငံခြားက မြေအောက်ရထားဘူတာလိုလို မုဂ်ဝကျယ်တစ်ခု…။ ၄င်းမုဂ်ဝကျယ်မှာ အဆမတန်ကြီးမားလွန်းသဖြင့် ပန်းကန်ပြားပျံယာဉ်ဆယ်စင်းခန့် ဝင်ရောက်နိုင်မည်ထင်သည်…။
လူအချို့က ဘေးရှိလမ်းကြားလေးများမှ အနည်းစုမှာ အဆိုပါ မုဂ်ဝကျယ်ကြီးမှ အသီးသီးပေါ်ထွက်လာကြပြီး ယာဉ်ကြီးများထဲ တက်သွားကြသည်…။ အများစုမှာ မုဂ်ဝကျယ်ကြီးသို့သာ ဝင်သွားကြသည်ကိုတွေ့ရသည်…။ဤသို့ဖြင့် လူတန်းကြီးကို စိတ်မရှည်စွာ စောင့်ပြီးသကာလ…။
“ပတ်စ်ပို့ နဲ့ ဗီဇာပြပါ” အင်မီဂရေးရှင်းလိုလို အဖြူရောင်ဝတ်ထားသည့် လူလိုလို သတ္တဝါ တစ်ကောင် (အဘယ့်ကြောင့်ဆိုသော် ထိုသူ၏ ပါးစပ်သည် အဆမတန်သေးငယ်၍ ဗိုက်အိုးသည် အဆမတန်ကြီးမားကျယ်ပြန့်လွန်း၍ ဖြစ်သည်) က အင်္ဂလိပ်လို ဆီးဟောက်သည်…။ ကျွန်တော်က အူကြောင်ကြောင်ဖြင့် “ ဘာပါလိမ့်” (ဗမာလိုပြောခြင်းဖြစ်သည်)။ထိုအခါ ၄င်းသတ္တဝါက “အော်ဟော် ခင်ဗျားက ဗမာကိုး…ဒါဖြင့်ရင် ပတ်စ်ပို့လေးတဆိတ်လောက်…” “ဘာပတ်စ်ပို့တုန်း” “ခင်ဗျားနတ်ပြည်သွားချင်လို့ ဒီမှာလာရပ်တာမှုတ်လား၊ နတ်ပြည်သွားရင် ပတ်စ်ပို့လိုတယ်…ထောက်ခံစာလိုတယ်…အောင်လက်မှတ်လိုတယ်……လိုတယ်….လိုတယ်” (သီးခံပါ လိုအပ်ချက်တွေ များလွန်လွန်း၍ မမှတ်မိတော့ပါ) “အာ…ဘာဖြစ်လို့နတ်ပြည်သွားရမှာတုန်း အလတ်ကြီးရှိသေးတာ ပတ်ပတ်ကလူ…တောင်ဥက္ကလာ ဘယ်လမ်းကသွားရမလဲ လာမေးတာပါ…။” “ဘယ်တောင်ဥက္ကလာမှ သွားလို့မရဘူး…ခင်ဗျားကသေပြီ…ရွေးရမှာက ငရဲလားနတ်ပြည်လား ဒါပဲရှိတယ် … အူကြောင်ကြောင်လာလုပ်ရင် ငရဲပို့လိုက်မယ် ဘာမှတ်လဲ”
ဘုရားဘုရား…သေပြီဆိုပါ့လား…ဒါဆိုကျွန်တော်မာလကီယားသွားပြီပေါ့…အိ…ဟိ…ဟိ။ အောင်မလေး အရပ်ကတို့ရဲ့ Dreamဆိုတဲ့ ဟာမလေးတက်လိုက်လို့ ကိုယ့်ဟာကို အသက်ထွက်မှန်းတောင် မသိလိုက်ရပါလားဟဲ့…(ဟင် ဟုတ်ပါဘူး)။
ဒါပေမယ့် ကျွန်တော်အထက်ကဆိုသလောက်မအပါ… လည်သလိုကြည့်စားတဲ့ မြန်ပြည်သားကပဲ။ “နတ်ပြည်သွားမှာဗျ” နတ်သမီးလေးတွေ တစ်ဖက်ငါးရာဆိုတာမြင်ယောင်ပြီး…အင်း နေဦး…လူ့ပြည်မှာတုန်းက ငါ့ကိုအိအဂျိဂျလုပ်တဲ့ရည်းစား၊ နတ်ပြည်ရောက်တော့မှ နတ်သမီးလေးတွေနဲ့ အတိုးချပြီး ဘူးထွားဟားဟားပစ်မယ်…။ “ကဲဒါဖြင့်ပြ…ပတ်စ်ပို့ ဗီဇာ…” “ဟို…ဟဲ… ဒါ..ဒီလို…မေ့ကျန်ခဲ့လို့ ဟီးဟီး …ကူညီပါ အစ်ကိုကြီးရယ်…အပိုင်းလေး လေ…အပိုင်းလေးနဲ့လုပ်ပေးလို့ ရတယ်မှုတ်လား ဟဲဟဲ” “ဟေရောင် ဗမာသောက်ကျင့်လာမလုပ်နဲ့တော့ကွ… မရတော့ဘူး… လူ့ပြည်မှာတုန်းက အပိုင်းလေး အလုပ်ကောင်းလို့ အခုလို ဟိုမရောက်ဒီမရောက်နေရာမှာ မင်းတို့လိုကောင်တွေ သောက်ခွက်တွေပဲ နေ့တိုင်းကြည့်နေရတာ…မရဘူး…ဘာမှမပါတဲ့မင်းကို တာဝန်အရလုပ်ရမယ် …လာကြစမ်း…ဒီကောင့်ကို ခေါ်သွား!” … “ဝုတ်!” မျက်နှာပေါက်ဆိုးဆိုးနှင့် တစ်ကိုယ်လုံး အစိမ်းရောင်ဝတ်ထားပြီး လည်ပင်းတွင် ခွေးကဲ့သို့ လည်ပတ်နီများတပ်ဆင်ထားကာ ချိုင်းထောက်သဏ္ဌန် လက်နက်များကိုင်ဆောင်ထားသည့် သတ္တဝါသုံးကောင်ရောက်လာပြီး ကျွန်တော့်ကို လည်ကုတ်မှ ဆွဲကာ ဘေးရှိ မုဂ်ဝကျယ် တွင်းကြီးထဲသို့ခေါ်သွားကြလေ၏…။ မုဂ်ဝတွင်ရေးထားသည်က “ယောယုဝမှ လှိုက်လှဲပြူငှာစွာ ကြိုဆိုပါ၏”…။
ဤသို့ဖြင့် တပြီးကား…ကျွန်တော့်မှာ အူကြောင်ကြောင်ဖြင့် ယောယုဝသို့ အချောင်မြန်းရမည့် အပေါက်သို့ ရောက်ရလေသတည်း။

သို့ဖြင့်…၄င်းသတ္တဝါသုံးကောင်သည် ကျွန်တော့်အား ခန်းမကျယ်ကြီးတစ်ခုထဲသို့ ခေါ်သွားကြ၏။ ၄င်းခန်းမကြီး၏ ထိပ်ဆုံးတွင် ကြီးမားသော စားပွဲကြီးတည်ရှိ၍ ထိုစားပွဲတွင် စံမြန်းနေသည်ကား အလွန်ခံ့ညားသော ဥပဓိနှင့် တရားသူကြီးလိုလို လူကြီးတစ်ယောက်…။ ဘေးတစ်ဖက်တစ်ချက်တွင် ကျွန်တော့်ကို ဖမ်းလာသည့် အကောင်မျိုးတွေ ခံစားချက်ကင်းမဲ့သည့် မျက်ခွက်များဖြင့် ရပ်နေကြသည်…။
“လာပြန်ပလားတစ်ကောင်မင်းကဘယ်ကလဲ”
”ကျွန်တော်ဗမာပြည်ကပါခင်ညာ”
”အော်ဟော်လာပြန်ပလား မင်းတို့ဆီက ကောင်တွေ တော်တော်အလုပ်ပေးတဲ့ဟာတွေပဲ ခဏခဏရောက်လာ ပဒီးပဒါးတွေ ရှောက်ပြော နောက်ဆုံး အဲဟိုက တွင်းထဲပစ်ချရတာချည်းပဲ ဟိုတလောကတောင် မင်းတို့ဆီက ဘာကိုအုပ်ချုပ်တဲ့ ကောင်ဆိုလား ရောက်လာလို့ အဝီစီကို ထရန်စဖာပေးလိုက်ရသေးတယ်...။ နောက်ပြီး ငါ့ဆီက အစောင့်ကောင်တွေ အကုန်လုံး မင်းတို့ဆီက ဘာသားဆိုလား သေလို့ရောက်လာတာတွေချည်းပဲ။ ကဲ ကဲ အဲဒါတွေထား...။ မင်းကိုစစ်မယ်”
”ဘာစစ်မှာလဲဟင်”
”ဘာကုသိုလ်ကောင်းမှုလုပ်လဲ စစ်မယ်” အိ...ကျွန်တော်သွားပြီထင်၏...။ တစ်သက်နဲ့တစ်ကိုယ် ငါးပါးသီလတောင် တစ်ရက်အပြည့်မရဘူးတာ...။ “ဒါပေမယ့် တစ်သက်လုံးစာဆိုရင် ငါလည်းပင်ပမ်း မင်းလဲ ပြောချင်ရာရှောက်ပြောဖို့လွယ်မယ်...။ ဒါကြောင့် မသေခင် ဆယ်ရက်အတွင်း မင်းဘာတွေ လုပ်ခဲ့သလဲ...လိမ်ဖို့မကြိုးစားနဲ့နော် ငါတို့မှာ ရက်ကော့တွေ အကုန်ရှိတယ်” ဒါလဲဘာထူးမှာလဲ...။ ကျွန်တော့်ခဗျာ ကိုယ်ဟာကို အသက်ထွက်မှန်းတောင် သိလိုက်ရတာမှာ မဟုတ်တာ...။ ဟင် မထူးပါဘူး..ကြုံရာကျပန်းပေါ့...
“ကဲပြော မသေခင် ဆယ်ရက်အလိုနေ့မှာ ဘာလုပ်လဲ”
“အဲဒီနေ့ကျွန်တော့်မွေးနေ့ဘုရားသွားတယ်...ဟဲဟဲ...” “ဘာဘုရားသွားတာလဲ...မသိဘူးများမှတ်နေလား...အဲဒါမင်းစော်နဲ့ရှောက်လိမ့်နေရင်း ဟိုကအတင်းဘုရားတက်မယ် ပြောလို့ရောက်တာလေ...။ နောက်ဘုရားပေါ်မှာ မင်းပေါက်ဆိန်ပေါက်ရှိခိုး... စိတ်ကပန်းခြံထဲရောက်နေ...သူများကုသိုလ်ကောင်းမှူ လုပ်နေတာကိုတောင် မင်းမပြောကောင်းလို့မှူတ်လား...မျက်ခွက်က နေ့တွက်မကိုက်တဲ့ မော်တော်ပီကယ်ရုပ်နဲ့...။ ကဲပြီးတော့ဘာလုပ်သေးလဲ...” ဒုက္ခပါပဲ...ပန်းခြံသွားပါတယ်ဆိုမှ...“ဟို..ဟိုဒင်း…” “မင်းပန်းခြံအထွက်မှာ သူတောင်းစားအဖိုးကြီးတစ်ယောက်ကို ၁၀၀ လှူလိုက်သေးတယ်မဟုတ်လား…”
“ဟုတ်ပါတယ်…ဟုတ်ပါတယ်ခင်ဗျ” ဒရောသောပါး ထောက်ခံလိုက်ပါသည်။ “နောက်ဘုရားပေါ်မှာ အလှူငွေထည့်သေးတယ်လေ…အဲဒါပြောတာပေါ့…ငါကမျှမျှတတလုပ်တာပါကွာ… ကဲ ကိုးရက်မြောက်နေ့မှာ ဘာလုပ်သေးလဲ…”
“ဘာမှထွေထွေထူးထူးမရှိပါဘူးဗျာ…ထုံးစံအတိုင်း မနက်အိပ်ရာထ ပထမဆုံးတွေ့တဲ့သူနဲ့ရန်ဖြစ် ရေချိုးပြီး သင်တန်းသွားပါတယ်…”
“သင်တန်းမသွားခင် မင်းအမေအိတ်ထဲက ပိုက်ဆံလေးများနိုက်မသွားဘူးလားကွ”
“ဒါကတော့ လူကြီးမင်းရယ်…မလောက်လို့ပါ”
“မင်းတို့ပြောလိုက်ရင်တော့ကွာ…ကဲ…ရှစ်ရက်အလိုနေ့…အောင်မယ်… ရှစ်ရက်ကနေ ၆ရက်အထိ လေဘေးကူညီရေးအဖွဲ့ထဲ ပါသွားတယ်ဆိုပါလား.. ဒီလိုတော့ ဘယ်ဆိုးလို့လဲ... ”
ရင်ကော့၍ “ဒါကတော့ လူကြီးမင်းရယ်…နေနိုင်တဲ့သူကနေနိုင်တော့ မနေနိုင်တဲ့သူတွေက သွားရတာပေါ့…ဟဲဟဲ…ကျွန်တော် နတ်ပြည်တက်လို့ရပြီလားဟင်…” “နေဦး…ဒီမှာရေးထားတာက ထိုသို့ကူညီလုပ်ကိုင်သော်လည်း ညဘက်ရောက်လျှင်လှေပေါ်၌ မူးရူးကာ မခံသာသောအသံကြီးဖြင့် သီချင်းများအော်ဟစ်သီဆိုသည် လို့ပါတယ်…အဲဒီတော့ မင်းကိုနတ်ပြည် လွတ်လွတ်ကျွတ်ကျွတ် ပို့လို့မရသေးဘူး…ကဲ မင်းအဲဒီကပြန်လာပြီး အင်း… ၅ရက်မြောက်နေ့မှာ…”
“ဘာမှမလုပ်ပါဘူးခင်ဗျာ…တနေကုန် အိပ်နေပါတယ်…”
တရားသူကြီးတော်တော်ဦးနှောက်ခြောက်နေပုံရသည်…မကောင်းမှူလည်း ဟုတ်တိပတ်တိမရှိ၊ လုပ်သည့် ကောင်းမှူ အနည်းအကျဉ်းကလည်း မူးရူးသောက်စား အိမ်က မန်းနီးတိုသည်နှင့်ပင် ကျေနေလောက်ပြီ…။
“လူကြီးမင်းရယ်…ကျွန်တော်ဘာမှ မမှတ်မိတော့ပါဘူး…စာအုပ်ထဲမှာ ရှိတာပဲပြောပြပါလား…မှန်ရင်လဲ ဝန်ခံရတာပေါ့…။”
“အေးအဲဒါလဲကောင်းတာပဲ…လေးရက်အလို…ပင်ပန်းသည်ဟုဆိုကာ အိမ်တွင် ဘုန်းကြီးဆွမ်းကပ်တရားနာလုပ်သည်ကို သီလယူရကောင်းမှန်းမသိ သာဓုခေါ်ရကောင်းမှန်းမသိ အိပ်နေသည်… ညနေပိုင်းတွင် စက်ဘီးဖြင့်ထွက်သွားပြီး အရက်သောက်သည်။…မူးရူးရန်ဖြစ်၍ လူတစ်ယောက်၏ ခေါင်းကို ပုလင်းဖြင့်ထုသည်… ထိုမျှသောင်းကျန်းသော်လည်း အရှောင်အတိမ်းကျင်လည်၍ အချုပ်ခန်းမရောက်၊ခေါင်းမပေါက်ပေ (အမူးပါးပေတကား)။…အိမ်မပြန်ပဲ သူငယ်ချင်းအိမ်တွင် အိပ်သည်…” များလိုက်တဲ့ ကောင်းမှူတွေ အမျှ အမျှ အမျှ ဝေပါ၏…။ သာဓုခေါ်တော်မူကြပါကုန်…။
“နောက်ရက်တွင်…အိမ်ပြန် လွယ်အိတ်ယူကာ သင်တန်းဟုဆို၍သွားသည်…။ သင်တန်းရောက်သော်လည်း အချိန်ပြည့်မတက်…တဝက်နှင့်လစ်၍ ရည်းစားနှင့်လျှောက်သွားသည်…ပိုက်ဆံမရှိဟုဆိုကာ ရည်းစားထံမှ တစ်သောင်းတိတိချေးသည်…။”
“နှစ်ရက် အလိုတွင် အမေနှင့် စကားများသည်။…အော်ဟစ်ပြောဆို၍ သင်တန်းထွက်လာသည်…။ သင်တန်းတွင်တွေ့သမျှလူရမ်းသည်…တဝက်နှင့်ပင်ထွက်လာသည်…။ ထမင်းဆိုင်တွင် ထမင်းစားနေစဉ် မွန်းမတိမ်းခင် ဆွမ်းမရသေးသော သံဃာတော်တစ်ပါးအား စားခါနီးထမင်းကို လှူလိုက်သည်…။”
“တရက်အလိုတွင် တနေကုန် အင်တာနက်ပေါ်တွင် ချက်တင်ထိုင်သည်… ဟိုဒင်းဝက်ဘ်ဆိုဒ်များ ကြည့်ရှုသည်…။”
ကျွန်တော် စိတ်လှုပ်ရှားလာသည်… ကျွန်တော်ဘာကြောင့်ဒီရောက်လာသည်ကို သိရတော့မည်…။
“သေမည့် ယနေ့မနက်တွင်မူ…ထူးထူးခြားခြား တရားခွေဖွင့်သည်နှင့်တွေ့၍ ပြီးသည်အထိ ကက်ဆက်ရှေ့တွင် ထိုင်နေသည်ကိုတွေ့ရသည်…။ ထို့နောက် အဝတ်လဲ၍ ထုံးစံအတိုင်း သင်တန်းထွက်ခဲ့ပြန်သည်…။ သင်တန်းဆင်းပြီးသော်လည်းမပြန်ပဲ ညနေအထိ လက်ဘက်ရည်ဆိုင်ထိုင်ကာ အရည်မရ အဖတ်မရပြောသည်…။ ထို့နောက် ညနေပိုင်း အိမ်ပြန်သည်တွင်… အာခြောက်သည်ဟုဆိုကာ ဘီယာဆိုင်ဝင်၍ သောက်ပြန်သည်…။ ပြီးသော် အိမ်အပြန်လမ်းတစ်လျှောက် တွေ့သမျှ မိန်းကလေးတိုင်းကို အလွတ်မပေး၊ မျက်စိအရသာခံသည်…နောက်ဆုံးတွင် အလွန်တောင့်ဖြောင့်ဖုဖေါင်းသော မိန်းကလေးတစ်ယောက်ကို အငေးလွန်ရာမှ ရှေ့ရှိပလက်ဖောင်းအပေါက်ကို မမြင်ပဲ မြောင်းထဲချော်ကျကာ…ဟင်…မှတ်တမ်းက မပြီးသေးပဲ တန်းလန်းကြီးနဲ့ to be continued …ဆိုပါလားဟ”
ဘာပဲဖြစ်ဖြစ် သွားပြီ…ရေစုံမြောပြီ…။ အဝီစိမဟုတ်တောင် အပါယ်လေးဘုံထဲက ဘယ်များလဲဟဲ့… မျက်စိအစာကျွေးကောင်းရင်းသေလို့ မျက်လုံးပြူးတဲ့ဂဏန်းပဲဖြစ်မလား… အပုပ်အစပ်ဆို ဘယ်နှစ်ဂါဝုတ်ကဆိုလားမြင်တဲ့ လဒပဲဖြစ်မလား…ဘာပိတ္တာပဲဖြစ်မလား…
သို့သော်တရားသူကြီးမင်းကြည့်ရသည်မှာ ဇဝေဇဝါဖြစ်နေပုံပေါ်သည်…။ “ဒီကောင်ရက်ကော့တွေ မပြည့်မစုံနဲ့ဘာလာ လုပ်တာလဲ…” ထိုစဉ်… ငရဲသတ္တဝါတစ်ကောင် ရောက်လာပြီးလူကြီးမင်းကို တီးတိုးပြောသည်…။ လူကြီးမင်းမျက်နှာ အနောက်တောင်ထောင့်က မိုးတွေလိုမည်းတက်လာသည်…။ “ဟေ့ကောင်… မင်းမသေသေးပဲနဲ့ ဒီကိုဘာလာလုပ်တာလဲ…ဟင်…မင်းတို့မြန်မာပြည်ကဆိုတဲ့ကောင်တွေတနေ့တနေ့ ငါ့ဆီလာလာပြီးသောက်တလွဲတွေ လာလာလုပ်ကြတာ တစ်ရက်လည်းမဟုတ် နှစ်ရက်လည်းမဟုတ်… အခုလဲတစ်မျိုး… သွားကွာ.. သွား.. ဒီကောင့်မျက်နှာမကြည့်ချင်ဘူး… ပြန်ပို့လိုက်ကြ…”
“ဝုတ်” ကျွန်တော့်ကိုခေါ်လာခဲ့သော သတ္တဝါနှစ်ကောင်ပင်…ကျွန်တော့်ကို တရွတ်ဆွဲခေါ်သွားကြသည်…”
“လွှတ်ပါဗျ..ကျုပ်ကိုဘယ်ခေါ်သွားဦးမလို့လဲ…မသေဘူးဆို ကိုယ့်လမ်းကိုယ်သွားပါရစေ….လွှတ်လွှတ်…ကျုပ်ကိုလွှတ်….”

“နိုးလာပြီ…နိုးလာပြီ…နားထဲသံပုရာလောင်းထည့်…အာ…ရှုပ်ပါတယ်…
ရေနဲ့သာလောင်းကွာ…”
“ဗြုန်း…” အေးခနဲအထိအတွေ့ကြောင့် ရုတ်တရက်နိုးလာသည်…။ မျက်လုံးတို့ မှောင်ရာမှဝါး…ဝါးရာမှ တဖြေးဖြေးကြည်လာပြီ…။ ဘေးမှာလူတွေလူတွေ…အမေရယ်…အဖေရယ်…နောက်…ဟင်…
မတော်ရသေးတဲ့ ယောက္ခမကြီးပါလား…
ဒီဘဲကြီးငါ့ကိုမသိပါဘူး…ဘာလာလုပ်…
“ခွေး…ဟင်…ခွေးသောက်သောက်တဲ့ငမူး…ရောက်လာသေးတယ်…ဟင်…သေသွား
တာကမှအေးပါတယ်တော်…” မွေးသမိခင်၏ စေတနာ….ကျွန်တော်ကတော့
ဘာမှမကြားနိုင် ခေါင်းထဲ ကိုက်ခဲလျှက်
“အီးကျွတ်ကျွတ်…တား ဘာဖြစ်တာလဲဟင်…”
“ဘာဖြစ်ရမလဲဟဲ့ ညဘက်မူးရူးပြီးပြန်လာ… မြောင်းထဲပြုတ်ကျပြီး ခွေးသေသေတော့မလို့လေ… ဒီကဦးလေးကြီးတွေ့ပေလို့ပေါ့” ဟုဆိုကာ အခုနက ယောက္ခမလောင်းကြီးကို ညွှန်ပြလေသတည်း…။

4 မှတ်ချက်:

Anonymous said...

အင်းး မောင် အန်ဒီတစ်ယောက်လုပ်ချလိုက်ပြန်ပြီပေါ့.. ကောင်းလိုက်တာ... ရီလည်းရီရတယ်.. :)
မှန်တာတွေသိပ်မပြောနဲ့နော်...... :P

tututha said...

မသေတော့ ငရဲမင်းကြီးအတွက် အွန်ဂိုးရင်းကေ့စ် ဖြစ်သွားတာပေါ့နော်။
ttt

Dream said...

ဟားဟား...ဦးဦးအန်တီဒို့ဒေါ့ရုတ်ချယိုက်ပန်ဘီ။
မိုက်တယ်ကွာ..ရေးထားတာက..
တော်သေးတာပေါ့။ကယ်တဲ့ဦးလေးကိုကျေးဇူးတင်ရမယ်။
ဟဲဟဲ..

Anonymous said...

အစ်ကိုတော်ရေ
ရေလည်မိုက်တယ် .... ရယ်လဲရယ်ရတယ် ...
အင်း တကယ်လက်တွေ့ ဘ၀မှာ
ပေးစရာအမှတ်မရှိအောင်တော့ မလုပ်နဲ့ နော်
မသေခင်လေးမှာ ကုသိုလ်လေးလဲလုပ်ဦး
ဆရာလုပ်တာမဟုတ်ပါဘူး
ကိုယ်နောက်ပါမှာ ဒါပဲရှိတာမဟုတ်လား

  © Blogger template Newspaper by Ourblogtemplates.com 2008

Back to TOP