ဟိုက္ကူ နိဒါန်း

Wednesday, September 10, 2008

အခုတလောလဲ စိတ်ထဲမှာ ရှိသမျှတွေ ရှောက်ရေးလိုက်ပြီးပြီ။ ဆဲခံ ဆိုခံလဲ တော်တော်များများထိပြီးပြီ…(ဟီဟီ)။ လွန်တာရှိလဲ ဝန္တာမိပါ အရပ်ကတို့..။ ကျွန်တော်လဲ ခဏ (ခဏနော်) လျှော့ဦးမှ…။ တော်ကြာ မောင်အန်ဒီလေး…မိန်းမတောင်မရသေးပဲ လစ်သွားရင်… ကျွန်တော် အတင်းမရမက စီဗုံးတွေမှာ လိုက်ကြော်ငြာလို့ အားနာပါးနာ ဖတ်ရတဲ့ ပရိသတ်တွေ ဝမ်းသာနေကြဦးမယ်… (အထူးသဖြင့် Dream တို့ ကိုဂါဒင်နာကြီးတို့ ဝေလေးတို့ သက်တန့်တို့ ပန်းခင်းရှင်ကြီးတို့ လူစုတွေပေါ့)။ (နာမည်တွေထည့်လိုက်ပြီ၊ လွန်တာရှိ ဒုတိယမိ ဝန္တာမိ ဟီဟိ)

ဘလော့ဂ်ဆိုတာကလဲ ဘာမှသာမဟုတ်သာ ခက်သားကလား…။ ကြာလာတော့လဲ ဘာရေးရမယ်မှန်း မသိဘူးဗျာ…။ပြီးတော့ Constantly Updated ဖြစ်နေရမယ်လို့ ဘယ်သူပြောဖူးတာလဲ မသိဘူး ဖတ်ဖူးတယ်…။ Web-Site ဆိုရင်တော့ အေးဆေးပဲ တစ်လတစ်ခါလုပ်ရင်လုပ် ဒါမှမဟုတ်တစ်နှစ်တစ်ခါ။ အဲဒါမှ မကြိုက်ရင် ဘယ်တော့မှ Update မလုပ်နဲ့ ဖြစ်တယ်…။ UCSY Web site ဆို ကျွန်တော်ကျောင်းတုန်းကကြည့် ဒီပုံစံပဲ။ အခုထပ်ကြည့် ဒီပုံစံပဲ၊ ဒီ information ပဲ (ဟေ့ရောင်… တော်တော့လို့ ပြောနေတယ်နော် ဟင်းဟင်း)။

ထားပါတော့ဗျာ … မဟုတ်ကဟုတ်ကတွေ ရှောက်ရေးနေတာ ချော်တောတွေ ငေါ့ကုန်ပြီ…။ ဒီနေ့ ပိုစ့်တင်တာ ကဗျာရေးမလို့ဗျ…ကဗျာရေးမလို့…ဟဲဟဲ။ ကဗျာတောင် ဂျပန်ကဗျာကိုရေးမှာ။ ရိုးရိုးတောင်မဟုတ်ဘူး…။ ဒါပေမယ့် မြန်မာလိုရေးမှာ ဟီဟိ…။

တိုတိုလေးပါ…။အဲဒီအမျိုးအစားကိုက တိုတိုလေးတွေ…။ဟိုက္ကူ (Haiku) လို့ခေါ်တယ်…။ ဂျပန်စာပေ ကဗျာလောကမှာ အဓိကအားဖြင့် ဟိုက္ကုရယ် တန်ကာရယ်ဆိုပြီး… နှစ်မျိုးရှိတယ်…။ ဟိုက္ကူက များသောအားဖြင့် သဘာဝအဖွဲ့တွေ၊ ခံစားမှူ၊ မြည်သံစွဲအင်္လကာ (အမကြီးတစ်ယောက်ပြောပြတာကိုပြန်ပြောတာ ဟီဟိ) တွေအပြင်... တရားသဘောတွေကို ရေးဖွဲ့လေ့ရှိတယ်…။တန်ကာကတော့ တောင်သူလယ်သမား၊ ယာခုတ်သမားကြီးတွေက သူတို့ရဲ့ အတွေ့အကြုံတွေကို ပြောပြသလိုရေးလေ့ရှိတယ်… ခေတ်ဦး Rap ဂီတနဲ့တောင် တူမလားမသိ…။ (သဘောတရားကို ပြောပါတယ်)

ဆယ့်ခုနှစ်ရာစုက ဟိုက္ကူဆရာကြီး ဗရှိုးဆို ခရီးသွားမှတ်တမ်းကို ကဗျာတစ်ပိုဒ်၊စကားပြေတစ်ပိုဒ် ပုံမျိုးရေးတယ်…။သူ့အဖွဲ့တွေမှာ…သဘာဝရဲ့ လှပပုံသာမက တရားသံဝေဂတွေ ဆင်ခြင်စရာအဖွဲ့တွေလဲ အများကြီးတွေ့ရတယ်…။ ဥပမာ သူ့ရဲ့ ဂန္တဝင်ကဗျာဖြစ်တဲ့

သစ်ကိုင်းခြောက်ပေါ်ကို

ကျီးကန်းလာလို့ နားတော့တယ်

သရဒ ဆည်းဆာ (ဆရာမောင်သာနိုး ဘာသာပြန်သည့် ဟိုက္ကူကဗျာခရီးသည်မှ)

လိုမျိုးပေါ့…။

နောက်ပိုင်း ခေတ်ပေါ် ဟိုက္ကူတွေမှာဆို အဲဒီထုံးစံတွေကို ရိုက်ချိုးပြီး ခေတ်ပေါ် အယူအဆတွေ ထည့်သွင်းလာကြတယ်..။ ဆရာကြီး ယာမဂုချိဆေရှိ ရဲ့

ပစ်စတိုပစ်သံ

ရေကူးကန်ရဲ့ ခက်မာတဲ့

မျက်နှာပြင်ထက်ဟိန်း ဆိုတာမျိုးတွေပေါ့…။

အကျယ်ပြန့်တော့ မသိဘူးဗျို့…။ အဲဒီကောင်လေးတွေက ကြည့်တော့သာ မလောက်လေးမလောက်စား တို့ထိတို့ထိလေးတွေရှိတာ။ သူ့တို့ကိုလေ့လာရင် လေ့လာသလောက်ကျယ်ပြန့်သွားတာ…။ ကျွန်တော်ဆိုရင်လဲ ဂျပန်ဘာသာရဲ့စံပုံစံ နဲ့ ၅-၇-၅ ပုံစံကိုသုံးတယ်လို့ မှတ်ရပေမယ့် ဘယ်လိုပါလိမ့်ဆိုပြီး ရမ်းတုတ်နေတဲ့ အဆင့်လောက်ပဲ ရှိသေးတယ်…။

သိတဲ့လူတွေ ညွန်ပြပေးရင်ကောင်းမှာ…။ ကျွန်တော့်မှာက “ဒါ…ဟိုးလွန်ခဲ့တဲ့ ၁၅နှစ်လောက်က ကျွန်တော့်ကို ကဗျာစပ်သင်ပေးခဲ့တဲ့ဆရာပေါ့” လို့ ပြစရာလူမရှိတော့လေ…။

ဒါပေမယ့် ထုံးစံအတိုင်း လက်အငြိမ်မနေပဲ မတန်မရာ တစ်ပုဒ်လောက် စမ်းလိုက်ဦးမယ်… လာလေ့…။

အိမ်အပြန် လမ်းမ

မျက်စိအစာကျွေးထွက်ခဲ့

စွပ်ကနဲ မြောင်းထဲ…။

1 မှတ်ချက်:

Dream said...

ဦးဦးအန်တီဂယဲ..တဗျာဂအချေဂျီးမတ်ယို့..
အထုဒေါ့တိုတိုယေး..
ဦးဦးဂယဲ...
ဂျကားပေါတာဂအချေဂျီးပဲ..
ယဖူး..ယဖူး...တဗျာဂို
အချေဂျီးချပ်ပေး.. ဒါဖဲ...
ဟီးဟီး... ဟီး.. :P :P

  © Blogger template Newspaper by Ourblogtemplates.com 2008

Back to TOP