လမ်း
Tuesday, October 7, 2008
လျှောက်နေကြလမ်းတစ်ခု… တကယ်ကျတော့ ဘယ်လမ်းလဲဆိုတာ ဇဝေဇဝါစဉ်းစားနေရတုန်းပဲ… လတ်တလော နေ့တိုင်းလျှောက်နေတဲ့ ဘတ်လပိုင်လိုက်နေတဲ့ ရပ်ကွက်လမ်းလေးလား… တက္ကသိုလ်ဆိုတဲ့ ကျောင်းကြီးတက်တုန်းက လျှောက်ခဲ့ရတဲ့ လွင်တီးခေါင်ထဲက လမ်းကြီးလား… ဒါမှမဟုတ် ငါရုပ်ရှင်ထဲမှာပဲကြည့်ဖူးတဲ့ ဖိတ်ဖိတ်လက်လမ်းမကျယ်ကြီးလား… ဒါကြီးကတော့ မဖြစ်နိုင်ဘူးထင်တယ်… ဟုတ်တယ်…။ ကျောင်းတုန်းကလမ်းကတော့ ကျနော်ထင်ပါတယ်… ဆွတ်ပြန့်ကြည်နုးဖွယ် အချစ်ဇာတ်လမ်းကောင်းကောင်း ဒါမှမဟုတ် ဘဝသရုပ်ဖော်၊ နောက်ဆုံး ပြီးစလွယ် ဟာသတစ်ပုဒ်တောင်မရှိတဲ့ ဗလာကျင်းနေ့ရက်တွေပဲလေ… ဒီတော့ ဆူလွယ်နပ်လွယ် နေ့တိုင်းလျှောက်ရတဲ့ ဘတ်လပိုင်လမ်းလေးပဲ ထားလိုက်ကြစို့ရဲ့…
ကြဲပြန့်နေတဲ့ မနက်ခင်းတိုင်းမှာ အသိလွန်စိတ်နဲ့ နေ့တိုင်းနိုးတတ်နေခဲ့တယ်… ပြီးရင် မနေ့က (ပြောရရင်) မွေးကတည်းက မျက်နှာအဟောင်းကြီးကို မသစ်,သစ်အောင်သစ်ရတယ်… တစ်ကိုယ်ရေသန့်ရှင်းမှု… သူလိုကိုယ်လို နေထိုင်တတ်မှူ… လူမှူကျင့်ဝတ်၊ အစရှိသဖြင့် အမျိုးမျိုး အမှတ်လျှော့ဖို့ကြိုးစားနေကြတဲ့ အထဲဝင်ဆန့်ဖို့ သူလိုကိုယ်လို လုပ်ငန်းတွေလုပ်တယ်… ပြီးရင် လောကထဲ နေဖို့စားဖို့ရရုံလောက်အတွက် သူဌေးဆိုတဲ့သူကြီးပွားအောင် လုပ်ပေးဖို့ ဘတ်လပိုင်လမ်းလေးအတိုင်းလျှောက်လာခဲ့တယ်…. ဟုတ်တယ်… ဒီလမ်းလေးမှာ ကိုယ်ပိုင်နာမည်တော့ရှိပါတယ်… ဒါပေမယ့် ကျနော်ကတော့ ဘတ်လပိုင်လမ်းလေးလို့ပဲ ပေးထားတယ်…။ ဒါကခေါ်လို့လည်းသာတယ်… မှတ်လို့လဲလွယ်တယ်လေ…။
လမ်းကလေး အကြောင်းနည်းနည်းပြောမယ်…။ သူက ရပ်ကွက်တွေမှာတွေ့နေကျ လမ်းမျိုး… ဘတ်လပိုင်လိုက်နေတာလေ… လူတွေ၊ အိမ်တွေ၊ ရွှံ့ ဗွက်တွေ၊ ခွေးလေခွေးလွင့်တွေ…။ အားလုံးပဲ..။ တစ်နှစ်နဲ့ တစ်နှစ်တူတာမဟုတ်ဘူး…။ အမြဲတမ်းပြောင်းနေလေ့ရှိတယ်…။ တူတာဆိုလို့ ရောက်လာသမျှက အကုန် ဘတ်လပိုင်လိုက်နေတာတစ်ခုပဲ..။ နောက်ပြီးမပြောင်းလဲတာဆိုလို့ လမ်းထဲမှာနေတဲ့ အရူးတစ်ယောက်ပဲ…။ သူက အရပ်ထဲမှာ လမ်းလူကြီးတဲ့၊ သူများတွေနဲ့တွေ့တိုင်း သူ့ဟာသူပြောလေ့ရှိတယ်…။ လူတိုင်းကထောက်ခံကြရတယ်…။ အစည်းအဝေးတွေဘာတွေဆိုလဲ ဖိတ်ရတယ်…။ ဘာကြောင့်ဆို သူနဲ့ကဏ္ဋကောစသွားလုပ်ရင် မထင်ရင် မထင်သလို ထ ထ ဖဲ့တာ…။ နောက်ပြီး သူက အရပ်ထဲက ခွေးလေခွေးလွင့်တွေကိုသူရတဲ့ ထမင်းတွေ ဘာတွေ ကျွေးကျွေးထားသေးတယ်လေ…။ သူမကြိုက်တဲ့သူဆိုလို့ကတော့ သူ့ခွေး “clan” ကြီးနဲ့တွေ့ပြီသာ မှတ်ပေတော့…။
လမ်းထဲမှာ ဟိုရာစုနှစ်ဝက်လောက်က ဆောက်ခဲ့တဲ့ စာသင်ကျောင်း အသစ်ကြီးတစ်ခုရှိတယ်၊ အဲဒီကျောင်းကြီးကနေ နှစ်တိုင်းနှစ်တိုင်း “ဂုဏ်ထူးရှင်” တွေမွေးထုတ်ပေးတယ်လို့ဆိုတယ်…။ ဒါပေမယ့် အဲဒီ “ဂုဏ်ထူးရှင်” တစ်ယောက်မှ လမ်းထဲမှာ ဆောင့်ကြွားဆောင့်ကြွားရှောက်သွားနေတာ မမြင်ဖု့ဘူး…။ နောက်ပြီးတော့ကျောင်းကြီးဘေးမှာလွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက အသစ်ပြန်ပြင်ဖို့ အလှူခံနေတဲ့ ဥပုသ်ဇရပ် ဓမ္မာရုံလေးတစ်ခုရှိတယ်…။ အဲဒီဇရပ်လေးမှာ နာရေးပွဲတွေ လုပ်လေ့ရှိတယ်လေ…။ နာရေးသာရေးတွဲသုံးပေမယ့် နာရေးပဲလုပ်လေ့ရှိပါတယ်…။ သာရေးပွဲတွေကတော့ လမ်းထိပ်မှာရှိတဲ ဘာရုံးကြီးဆိုလား အဲဒီမှာလုပ်လေ့ရှိတယ်…။ အောင်မယ် စည်တာမှ ဗြောင်းကိုသတ်လို့… လုပ်လိုက်တိုင်း တဖုံးဖုံး တခွပ်ခွပ်နဲ့နေတာပဲ…။ အဲဒါတွေ ထားပါတော့လေ…။
ပျင်းပျင်းနဲ့ အဲဒီလမ်းလေးအတိုင်းလျှောက်လာခဲ့တယ်… ဘာကြောင့်ရယ်မသိ… နားကြပ်မှာ လေးဖြူရဲ့ “လမ်း” သီချင်က ဝင်နေတယ်…။ ဟင်… ရုတ်တရက်… ၊ ကိုယ့်ဟာကို သတိရမိတာ… ငါလမ်းပျောက်နေပါလားလို့….။ အခုနကလေးတင် လမ်းရှိသေးတယ်လေ…။ အဲဒါနဲ့ ကျွန်တော့် ဘေးနားက ခွေးတစ်ကောင်ကို မေးကြည့်တယ် “ငါဘယ်ရောက်နေလဲ” လို့… သူကကြောင်စီစီနဲ့ ပြန်ကြည့်ပြီး “မသိဘူးလေ… အခုနကပဲ တွေ့ပါတယ် အခုဘယ်ရောက်သွားလဲ” တဲ့…။ ဒုက္ခရောက်ပြီထင်ရဲ့…။ အဲဒါနဲ့… လော်စပီကာသံကြားနေရတဲ့ နာရေးရှိတဲ့နေရာ ရောက်သွားတယ်…။ သူများနာရေးကြီးမှာ ဝင်မေးလို့ မကောင်းဘူးထင်တယ်…။ အဲဒါနဲ့ တွေ့တဲ့လူတစ်ယောက်ကို “ကျွန်တော် ဘယ်ရောက်သွားလဲ” မေးဖြစ်ခဲ့တယ်…။ ဗမာပြည်မှာ လူတိုင်းအလွတ်ကျက်ထားရတဲ့ စကားတစ်ခွန်းကိုပြောတယ်…။ ခုဏက ခွေးလိုတောင် မရှည်ဘူး..။ ရှင်းရှင်းပဲ..ပြတ်ပြတ်ပဲ…။ “မသိဘူး”…။ ကြည့်ရတာ သိတဲ့သူရှာရတော့မယ်…။ အာရပ်ပုံပြင်တွေလို စွန့်စားရတော့မယ် ထင်တယ်… ။
ရုတ်တရက် “ဒါသိလား”။ သိတဲ့သူရှာနေတုန်း သိလားအမေးခံရတာကိုး…။ မသိဘူးဖြေလိုက်မယ် ကြံပါတယ်… ဒါပေမယ့် အလုပ်ဆိုလားမသိရောက်နေတော့ကာ မသိလို့မရတော့ဘူး…။ အဲဒါနဲ့ ခဏစောင့်ခိုင်းပြီး ကကြီး ခကွေး တွေ ရေးပေးလိုက်တယ်…။ သူလဲကျေကျေနပ်နပ်ကြီး ပြန်ထွက်သွားတယ်…။ အဲဒါနဲ့ ရေးလက်စကဗျာကို ဆက်ရေးနေလိုက်တယ်…။
ပါးလှပ်လှပ် စကားလုံးတွေ
Post-it note တစ်ရွက်သက်တမ်းလောက်ပေါ့..
နေကောင်းရဲ့လား… လာမေးကြပြန်ရော…
သူငယ်ချင်းရေ နောက်လဲလှည့်ကြည့်ဦး
မင်းလဲ သားကောင်ဖြစ်သွားနိုင်ရဲ့…။ ဖြစ်ကောင်းဖြစ်နိုင်ရဲ့…။
နောက်ဆုံး မင်းရင်ဘတ်ကြီးဟာလဲ
ဘုန်ကြီးကျောင်းက ဖားဖိုကြီးလို ဖြစ်သွားနိုင်ပေသပေါ့…။
တော်လောက်ရောပေါ့…။
ထုံးစံအတိုင်း ဘတ်လပိုင်လမ်းလေးအတိုင်းလျှောက်လာခဲ့တယ်… မြင်နေကျအရာတွေ…
ကြားနေကျပုံစံတွေ…
ရာစုနှစ်ဝက်လောက်အိုနေတဲ့ ကျောင်းဆောင်သစ်ကြီး…
နာရေးဇရပ်လေး…
ဘာတွေရှိလို့ရှိမှန်းတောင် မသိတော့ပါဘူးလေ…။
4 မှတ်ချက်:
မိုက်တယ်
ဒါသိလား
ဘတ်လပိုင်လမ်း ပေါ်ကိုလာလျောက်တာ။:P :P
မက်မက်ကိုတော့ လာမမေးနဲ့
မသိဘူးဆိုမသိဘူးပဲ.. ဟွန်း... ဒါဘဲ.. :P :P :P
အင်း....တွေ့အောင်ရှာကြတာပေါ့..။
Post a Comment