ကျွန်တော်နှင့် ဖြစ်သလိုများ
Tuesday, September 30, 2008
အမ မတူး က ဖြစ်သလိုလေးတက်လိုက်တာနဲ့ ကျနော်လည်း ဖြစ်သလိုလေးတွေလိုက်စဉ်းစားလိုက်တာ တစ်သက်လုံးဖြစ်သလို နေလာတဲ့ကောင်ဆိုတော့ ဖြစ်သလိုတွေများလွန်းအားကြီးလို့ ဘာရေးလို့ရေးရမှန်း မသိဖြစ်သွားသေးတယ်...။ ကိုယ့်ဆောင်ပုဒ်ကိုက “ကြုံရာကျပန်း” လေ...။ ဖြစ်သလိုတွေများလွန်းအားကြီးတော့ ဘာရေးရမှန်းကို မသိတော့တာ... တော်သေးတာက ဖြစ်သလိုစားတာလေးတွေဆိုတော့ နည်းနည်းသက်သာသွားတယ်...။
တကယ်ဆို ကျနော်က လူကသာ ဗြုတ်စဗျင်းတောင်း ပစ္စုတ်ဒေဝနေတာ… မိဘအိမ်မှာဆို သောက်ကောင်းစားပြီး သောက်ကြေးက များသေးတာ… ဖြစ်သလိုအမြဲတမ်းစားတဲ့ ကောင်ထဲမှာ မပါဘူး…။ ဘဲဥတို့ ငါးတို့ဆို ထမင်းနဲ့စားတဲ့ ဟင်းစာရင်းထဲ ထည့်တာမဟုတ်ဘူး..။ နောက်တစ်ခုရှိတာက မိဘအိမ်ဆိုတော့ လွတ်လွတ်လပ်လပ် မူးလို့မရတာလဲ ပါလိမ့်မယ်…။ မူးလို့ရှိရင် ဘာဟင်းပဲဖြစ်ဖြစ် ဟင်းမရှိတောင် ငါးပိလက်တစ်ကော်လောက်နဲ့ ထမင်းမြိန်တာ စာဖတ်သူက အသောက်သမားဆိုရင် နားလည်ပါလိမ့်မယ်…။ အခုဖြစ်သလိုစားတာတွေ ရေးပါဆိုတော့ အမူးသံသရာပြန်လည်ရလိမ့်မယ်ထင်ရဲ့…။ တောက်… ဒီအကြောင်းတွေ အစပြန်ဖော်ချင်တာမဟုတ်ဘူး…။ အစဖော်မိရင် ပါးစပ်က တကြွင့်ကြွင့်သွားရည်ယိုပြီး လေကတအေ့အေ့ပြို့လာလို့…။
ကျနော်က ရန်ကုန်သားမဟုတ်ပါဘူး…။ ဧရာဝတီတိုင်းမှာရှိတဲ့ ဟင်္သာတဆိုတဲ့ တောမြို့လေးတစ်မြို့ကလာတာ…။ ကျနော် ဒုတိယတန်းလောက်မှာ မိသားစုလိုက် ရန်ကုန်ပြောင်းလာကြတယ်…။ ဒါပေမယ့် ကျနော်က ရန်ကုန်မှာ ပျော်တာမဟုတ်ဘူး…။ အဲဒီတော့ အမြဲတမ်း ကျောင်းပိတ်ပြီဆိုရင် ဟင်္သာတကို ပြန်လေ့ရှိတယ်…။ ငယ်ငယ်တုန်းကတော့ လူကြီးမရှိရင် ဟိုဟိုဒီဒီသွားလို့မရတော့ ပြန်လို့ရအောင် ဥာဏ်နီဥာဏ်နက်ထုတ်ရတယ်…။ ဟိုမှာရှိတဲ့ အမျိုးတစ်ယောက်ယောက်ကို ဒီလာခဲ့ဖို့ ဖုန်းဆက်လိုက်တာပဲ…။ အဲ တစ်ယောက်ယောက် ရောက်လာလို့ကတော့ “သားလဲ လိုက်သွားဦးမယ်” ဆိုပြီး သူပြန်တာနဲ့ ကပ်လစ်လိုက်တာပဲ…။
အရက်ဆိုတဲ့ အရည်ကို ကျနော်စသောက်တာ ၆ တန်းလောက်ကတည်းကလို့ ပြောရမယ်…။ သင်္ကြန်တွင်း ပြန်ပြီဆို ဟိုမှာ အစ်ကိုတွေက “သောက်ပွဲကြီး” ကျင်းပနေကြပြီလေ…။ အဲဒီတော့ကျနော်က “ဟေ့..လူကြီးတွေ ကျုပ်လဲသောက်ချင်တယ်ဗျ” ဟိုမောင်တွေကလဲ မူးမူးရူးရူးနဲ့ “အေးကွ ချကွ မိုက်သကွ ဒါမှ ယောင်္ကျားကွ” ….။ သောက်တော့… အမယ် ရီဝေဝေနဲ့ နေလို့ကောင်းသဗျ…။ သောက်ကောင်းသောက်ကောင်းနဲ့ နောက်ဆုံး ဆန်ဂိုဒေါင် ဆန်အိတ်တွေကြားထဲ လေလေးတဖြူးဖြူးနဲ့ အိပ်ပျော်သွားပါရော…။ ဒါကကျွန်တော် ဘယ်လိုစသောက်လဲဆိုတာ မှတ်မိသလောက်ပါ…။
ဟိုမှာသင်္ကြန်တွင်းဆို အိမ်မပြန်ကြဘူး… တနေကုန်ရှောက်လည်တာလဲမရှိဘူး…။ အဲ…တစ်နေကုန်သောက်နေတာပဲရှိတယ်…။ အိမ်မပြန်တော့ ထမင်းဟင်းက အဲဒီ ဂိုဒေါင်တွေ ပွဲရုံတွေနားက ရှိတဲ့ ပစ္စည်းလေး သတ္တဝါလေးတွေကိုပဲ ဟင်းလုပ်ရတာပေါ့…။ တခါတလေကျတော့လဲ ထမင်းနဲ့အရက်ကလွဲရင် ဘာမှမရှိဘူး…။ မနက်မိုးလင်းလို့ထလာရင် စားစရာမနက်စာမရှိဘူး… အရက်ပဲရှိတယ်…ဆန္ဒရှိရင် ထမင်းအဖြူထည်နဲ့ငရုတ်သီးကို အရက်နဲ့မြီးပေတော့…။ ထမင်းကတော့ ဆန်အိတ်တွေပေါ်မှာ စားကြတာပဲဟာ… ပြန့်ကျဲနေတဲ့ ဆန်စေ့တွေကောက်လိုကောက်… တခါတလေ အကောင်းစားချင်ရင် V.I.P လို့ လေဘယ်ကပ်ထားတဲ့ အိတ်တွေကို ကလောင်နဲ့ထိုး၊ ကျလာတဲ့ဆန်တွေချက်၊ (အဲဒီတုန်းက ကုန်သွယ်လယ်ယာခေတ်ကောင်းတုန်း အစိုးရ ဆန်ဂိုဒေါင်တွေမှာ ဆန်ပြတ်တယ်ရယ် မရှိဘူး) အဲ ကျနော်တို့ ပတ်ဝန်းကျင်ကိုရောက်လာတဲ့ ကြက်တို့ ဘဲတို့တော့ တခါတည်းဖမ်းပြီး ဗိုက်ထဲမွေးပစ်လိုက်တာပဲ…။ မနက်ခင်း နည်းနည်းပါးပါးလျှောက်လည်… (မြို့ကသေးတော့ လည်စရာကသိပ်မရှိဘူး၊ နာရီဝက်လောက်ဆိုင်ကယ်နဲ့ပတ်လိုက်ရင် ကုန်ပြီ) လည်ပြီးသောက်… သောက်ပြီးမှောက်… မူးမူးနဲ့ နေ့ခင်းထမင်းစားချိန်အထိ အိပ်ပျော်သွားရော… သူတို့ကတော့ အနီးအနားမှာ အကောင်ပလောင် လိုက်ရှာနေကြတာပေါ့…။ ထမင်းစားချိန်ရောက်တော့ အဲဒီမှာမွေးထားတဲ့ တုတ်ပေါဆိုတဲ့ ခွေးနက်ကြီးက ကျနော့် မျက်နှာလာယက်ပြီးနိုးတယ်…။ နိုးလာတော့ အနားမှာတွေ့တဲ့ တစ်ခွက်ကောက်နှိပ်လိုက်သေးတယ် (အဲဒီတော့ကျနော် ၉တန်းလောက်ရောက်နေပြီ) ရီဝေဝေ ရင်ပူပူ ဗိုက်ဆာဆာနဲ့ ချက်ထားတဲ့ခွက်ထဲတွေ့သမျှကောက်စားကြ…။ တုတ်ပေါဆိုတဲ့ကောင်ကလဲ သူဖို့ကျန်ဖို့ရာနှုန်းနည်းတာ သိပုံရတယ်…။ လူတွေစားတာကို အနားထိုင်ပြီး လစ်ရင်လစ်သလို ဝင်ဝင်နှိုက်တယ်… အဲဒါလဲ မရွံဘူး… တခါတလေ ခွေးပါးစပ်ထဲပါသွားတာကိုတောင် ပြန်လုစားလိုက်ကြသေးတယ်…။
တန်ဆောင်တိုင်ဆိုလဲ သောက်ပွဲကြီးတစ်ခုပါပဲ… သင်္ကြန်တွင်းသောက်ပွဲကြီးလောက် ရက်မများသော်လည်း တော်တော်ခမ်းခမ်းနားနားရှိတယ်…။ နောက်ပြီးသူက ညပိုင်းမှာ…။ ပိုပြီးမူးလို့ကောင်း၊ရူးလို့ကောင်း…။ ကောင်းလွန်းလို့ ခြောက်ပေါက် (ထိပ်တုံး) ထဲတောင်ရောက်တယ်…(နောက်မှ အလျင်းသင့်ရင် အဲဒီအချုပ်ထဲရောက်တဲ့ အကြောင်းတွေ ပြောဦးမယ်)။ အမှန်က ဘုန်းကြီးကျောင်းတွေပို့ဖို့ ပဒေသာပင်တွေ ခင်းနေတာပါ…။ အဲဒါကို အကြောင်းပြပြီး သောက်ကြတာ…။ တက္ကသိုလ်ပထမနှစ် ကျနော်ရောက်သွားတုန်းက တော်တော်ပွဲကြီးပွဲကောင်းပေါ့…။ ငန်းတစ်ကောင် ဘယ်ကရှာလာတယ်မသိဘူး… (နောက်နေ့ကျတော့ ကျနော်တို့အရပ်ထဲက မိန်းမကြီးတစ်ယောက် သူ့ငန်းတစ်ကောင်ပျောက်လို့ တစ်ရပ်လုံး ကျွက်ကျွက်ညံသွားသေးတယ်။ အစ်ကိုကတော့ ငါတို့ငန်းကဘဲငန်းတဲ့ သူပျောက်တာက မန်ဒါလီငန်းတဲ့ ပြောတာပဲ) အဲဒါကို ပထမရေမထည့်ပဲ သူ့သွေးနဲ့သူလုံးတာ… ငန်းလို ပေါ့ရွှတ်ပြီး အသားမာတဲ့အကောင်တောင် … တောက်… အဲဒီနေ့က စားခဲ့တဲ့ ငန်းသားက ဒီရန်ကုန်က ကြက်သားတွေနဲ့ ဘာမှကိုမဆိုင်ဘူး…။ စားကြတော့ ညသန်းခေါင်လောက်ကြီး…လူက ဆယ်ယောက် ဆယ့်ငါးယောက်လောက်ရှိတယ်…။ မြေကြီးပေါ် ဖက်တွေခင်းပြီး ပန်းကန်မပါဘူး…။ ဝီစကီ ပုလင်းကြီး ရှစ်လုံး…။ သုံးယောက်လောက်က ဝီစကီသောက်ရတာ ပေါ့ရွှတ်ရွှတ်နိုင်တယ်ဆိုပြီးယူလာတဲ့ ချက်အရက်က သုံးလုံး…။ ဘာပြောကောင်းမလဲ…။ စားနေတုန်း ဗုံးဆို ပုံထားတဲ့ ထမင်းဟင်းတွေပေါ် မူးလဲသွားတဲ့သူနဲ့…။ တစ်ယောက်ဆို စားရင်းတန်းလန်း ရုတ်ဆို ဆိုင်ကယ်ပေါ်တက်ပြီး ဘုံးဆိုထွက်သွား… အဝေးကနေစလစ်နဲ့ကွေ့ပြီး… Need for speed မောင်းလာ… ဝိုင်းထဲကို ရှလောဆိုပြီး ဆိုင်ကယ်ကော လူကော မြေကြီးပေါ်မှာ စလစ်နဲ့ ဝင်လာ… ဟင်းတွေပေါ် ပစ်ကျ… ပြောလိုက်သေးတယ် “ဂျိမ်းစ်ဘွန်းကွ”..။ လက်မောင်းမှာတော့ကျောက်စလစ်ခဲတွေ အလုံးလိုက်ဗြောင်းကိုသတ်လို့…။ ယောင်ယောင်ကန်းကန်းနဲ့ ထမင်းဟင်းတွေ ပါးစပ်ထဲ ပစ်ထည့် …ခဏသွားလိုက်ဦးမယ်ဆိုပြီ ဝီစကီကို နိမော့၊ ဆိုင်ကယ်ကို စောစောကလို လုပ်ပြီးထွက်သွားတာ နောက်နေ့ ကထိန်ခင်းတဲ့ အထိပေါ်မလာတော့ဘူး…။ အဲဒီလို လူကြီးတစ်ယောက်လုံး ဝင်အောင်းသွားတဲ့ ထမင်းပွဲကြီးဘာလုပ်လိုက်သလဲ… ဘယ်ကလာလွင့်ပစ်ရမှာလဲ… ဆက်စားကြတာပါပဲ…။ တချို့ဆို ဘာဖြစ်လို့ဖြစ်သွားမှန်းတောင် မသိဘူးဆိုပဲ… တချို့ကတော့ ထမင်းလုံးလေးတွေ ခေါင်းအုံးပြီး အိပ်လို့…။ ဗြောင်းသတ်နေကြတာ တော်ရုံတန်ရုံ ရန်ကုန်သားဆိုလို့ကတော့... အဲဒီမှာတင် ရွံ့လွန်းလို့ မေ့လဲသွားလောက်တယ်...။
ပြောလို့ရှိရင်တော့ အများကြီးပဲဗျို့…။ ဖြစ်သလိုစားတဲ့ အကြောင်းက…။ ဒါပေမယ့် အစဖော်ရင် ရောဂါကထလွန်းလို့ မေ့မေ့ထားရတာ…။ အခုတော့ အစ်မ မတူးက အစဖော်လို့….။ တော်ပြီ ဆက်မရေးတော့ဘူး…။ :(
ကျွန်တော့်အလှည့်တော့ပြီးသွားပြီ…။ ကဲ…ကိုယ်လဲ အားကျမခံ ဘယ်သူ့ကို ထပ်နှိပ်စက်ရပါ့…။ တွေ့ပြီ… နန်းညီ…တီတီတန့်တန့်တို့…ကိုဂါဒင်နာကြီးတို့ရေ ဆက်ဆွဲလိုက်ကြပါဦး…၊ ဖြစ်သလိုစားခဲ့တဲ့ အကြောင်းလေးတွေ…။
9 မှတ်ချက်:
ဖြစ်သလို စားတာကတော့ စာတင်လောက်တယ်...
အဲဒီလို စားနိုင်တာ အရက်မူးနေလို့ ဖြစ်မယ်...
အရက်မမူးတဲ့အချိန် အဲဒီလို စားနိုင်လား...
ကဲ ပြော... :D
ဟီးဟီး မမူးရင် စားတတ်ဘူးဗျ...
စားတဲ့သူတော့ဘယ်လိုနေမယ်မသိ၊ ဖတ်နေရင်းနဲ့ တောင့် ပါးစပ်ထဲမှာ ကျလိကျလိနဲ့ သဲတွေ ၀ါးမိသလိုလို ဖြစ်လာတယ်
ဖြစ်သလိုစားတာထက် သောက်တာကပိုများနေသလားလို့ ။ အဟီး သားရေယိုအောင် လုပ်ရက်တယ်။ ဂွပ်
အောင်မလေး.. အစ်မတော်ပြောသလိုပဲ တစ်ကယ်ဖြစ်သလိုပဲ.. :D
စာတင်လောက်တယ် :P
အောင်မယ်...ဒါတောင်လျှော့ထားတာ ... အများကြီးကျန်သေးတယ် ... ထမင်းစားပျက်ကြမှာစိုးလို့...။
မမူးရင်မစားတတ်ဘူးမပြောပါနဲ့.. လက်ဘက်ရည်ဆိုင်မှာ ပဲအီကြာစားတုန်းက..
အီကြာကွေးတွေအောက်ကြမ်းပြင် ခြေနင်းဖတ်ပြုတ်ကျကုန်တာ..
မင်းနှမြောလို့ဆိုပြီး ပြန်ကောက်ထည့်ပြီး စားတာမှတ်မိသေးတယ်..
လူတွေရှေ့မှာပြောလို့စိတ်မဆိုးနဲ့ဦး...ဟီးဟီး..
အရက်ဆိုတဲ့ အရည်ကို ကျနော်စသောက်တာ ၆ တန်းလောက်ကတည်းကလို့ ပြောရမယ်…။
OMG. Around 11-12 years of age!
ဟားဟား...
Grrr Andyရေ...
ပေါ်ပြီဟေ့...
အဲလိုလည်း ကောက်စားတာပါလား... :P
Post a Comment