ပိုက်ဆံအကြောင်းမှ အဆက်
Tuesday, August 5, 2008
ဤသို့ဖြင့် ကျွန်တော်လည်း သူမကိုအားကျကာ လေးဖြူ၏ မှန်ထဲမှနေ၍ ကိုယ့်ကိုကိုယ်ချောင်းကြည့်မိ ခဲ့လေသည်။ ထိုအခါ သိန်းတစ်ထောင်တန်သည်ဟု ကြော်ငြာထားသည့် ၁၅၀ကျပ် ပေးရသော လက်မှတ် တစ်စုံက ပါးလှပ်လှပ် ကခုန်နေခဲ့သည်။ လမ်းလျှောက်ရင်း လမ်းပျောက်နေသည့် ကျွန်တော်တို့လို လူငယ်တွေ များများမရှိပါစေနဲ့ဟု လျော့တိလျော့ရဲ ဆုမတောင်းချင်တော့ပါ။ သူများနိုင်ငံမှ လူငယ်များ ကိုယ်သန်ရာသန်ရာ ကွန်ပြူတာ၊ ပတ်ဝန်းကျင်၊ ဥပဒေ၊ စီမံခန့်ခွဲမှူ့၊ အနုပညာ စသည်ဖြင့်လေ့လာနေချိန်မှာ ဒီမှာမလိုချင်တော့လောက်အောင်ပေါနေသည့် ဆရာဝန် ဝါသနာပါသူတွေ များနေတာ မအံ့ဩတော့။ ကိုယ်ကိုတိုင်က ၎င်းအလုပ်ကို အတင်းဝါသနာပါခိုင်းနေသည့် မိဘပတ်ဝန်းကျင်ကို ဂျစ်ကန်ကန်လေး လုပ်လာခဲ့သည်ပဲ။
ဤသို့ သွားရင်းသွားရင်းဖြင့် ဘီယာဘားနားရောက်တော့ တိုက်တိုက်ဆိုင်ဆိုင်ရေငတ်လာလေသည်။
ဘားထဲတွင်မူ လူကြီးဟု သူတို့ကိုယ်သူတို့ ကြေငြာထားသည့် မနုဿသတ္တဝါများ ရီဝေသော မျက်စိများဖြင့် စင်မြင့်ထက်မှ ကျွန်တော်တို့အရွယ် ကောင်မလေးများကို အရသာခံနေကြတာ တွေ့ရသည်။ သူတို့ကို အပြစ်မပြောချင်ပါ။ ပြောရင်လည်း ”ငါတို့ကလူကြီးကွ” ”ပိုက်ဆံရှာရတာ ပင်ပန်းတယ်ကွ” ဟု ခပ်ဆတ်ဆတ်ကလေး ပြန်နှိပ်ကွပ်ဦးမည်။ ထိုအချိန်မှာ ကျွန်တော်တို့အရွယ် လူငယ်များက Internet Café များမှာ ရောက်နေလောက်ပြီ။ ချက်တင်းကို အပြစ်ဆိုချင်ကြသော လူကြီးဆိုသူများကို မေးချင်သည်မှာ ချက်တင်းသည် ဘားလောက် အပြစ်ကြီးပါသလား။ ကျွန်တော်တို့လည်း ဘဝရှာရတာ ပင်ပန်းပါသည်။ ကော်ဖီဖြစ်ဖြစ် လက်ဘက်ရည်ဖြစ်ဖြစ် ဘီယာဖြစ်ဖြစ် သောက်လို့ရတာ မှန်သမျှ သောက်သည့် လူငယ်များအတွက်မူ ဘာလာလာ ROCK ဂီတလောက်၊ Hip-Hop Culture လောက် စွဲစွဲလမ်းလမ်းမရှိ။ (အမှန်အားဖြင့်ကျွန်တော်ကိုယ်တိုင်လည်း ချက်တင်းကို မုန်းပါသည်။ သို့သော် နှိပ်ကွပ်ပိုင်ခွင့်မရှိ၊ ဒီက Information High-way ကြီးက ချိုင့်တွေ ခလုတ်ကန်သင်းတွေပေါလှသည်။) မြန်မာ့ယဉ်ကျေးမှုကို နေရာတိုင်း ကျွန်တော်မကြိုက်နိုင်ပါ။
ချစ်သူနှင့်လျှောက်သော လမ်းများကလည်း မလှပပါ။ တက္ကသိုလ်ဆိုသည်မှာ အရင်ကလို မြကျွန်းညိုညိုနှင့် ကန့်ကော်တောကို လျှောက်ဖို့ နေရာမပေး။ ပူပြင်းသည့် ဖုန်းဆိုးတောနှင့် လက်သန်းလုံးလောက် တီကောင်ရှည်ကြီးများ မင်းမူသော အဓိပတိလမ်းများကို “မြန်မာ့ ယဉ်ကျေးမှု“ ဟု သတ်မှတ်ထားသည့် ပုဆိုး၊ထမီ ယူနီဖောင်းများဖြင့် “ကျောင်ခေါ်ချိန် ၇၅% မပြည့်က စာမေးပွဲ ဖြေဆိုခွင့်မပြု“ ဟူသော ဆိုင်းဘုတ်ကြီးကို ကြည့်၍ လွှားကာ လွှားကာ ဖြတ်သန်းရသည်။ ကိုအငဲ၏ ”၈၅ မန္တလေးညများ” သီချင်းက ကျွန်တော်တို့ကို လှောင်ပြောင်နေသလို။ ကျွန်တော် ရင်မခုန်ဖြစ်တာ လေးနှစ်လောက်ရှိပြီ။
တကယ်တမ်းဆိုလျှင် ကျွန်တော်မြတ်နိုးသည့်အရာနှင့် လုပ်နေရသည်က တခြားစီ၊ မြတ်နိုးပြီး တကယ်လုပ်ချင်တာက ဂီတနှင့်အနုပညာ၊ တကယ်တမ်း လက်တွေ့ကျကျ ဖြေရှင်းနေရသည်က ဝါသနာပါရုံသာပါသည့် ကွန်ပြူတာ၊ Bill Gates တို့ Michael Dell တို့ Steve Jobs တို့က ကျွန်တော့် သူရဲကောင်းများမဟုတ်ခဲ့။ Bon Jovi ၊ Aerosmith ၊ Metallica တို့ လေးဖြူ တို့ကို သာအားကျ ကိုးကွယ်ခဲ့သည်မှာ ငါးနှစ်သားကတည်းက။ သို့ရာတွင် လက်တွေ့ကိုသာ ဦးစားပေးလေ့ရှိသည့် ပင်ကိုယ်သောက်ကျင့်ကြောင့် academic ရေစီးထဲယက်ကယ်ယက်ကယ်ရောက်ရှိသွားရခြင်းမျှ။ ထိုအချိန်မှာပင် ခရေဇီ မဖြစ်လျှင် မအောင်မြင်ဟူသည့် သီအိုရီ တစ်ခုနားယောင်မိကာ မိမိဘဝကိုသာ ခရေဇီ ဖြစ်အောင်ကြိုးစားခဲ့ရသည်။
ဤသို့ဖြင့် ညနေများစွာကို ဆဲရေးရင်း ကုန်လွန်သွားခဲ့ပြီ…
(ဒါကကျွန်တော်ရေးတာ...ရှပ်နေတာပဲ)

0 မှတ်ချက်:
Post a Comment