ဘဝမေ့ခြင်း
Tuesday, August 26, 2008
ပိုစ့်တွေလဲ ရေးရင်းရေးရင်းနဲ့ အပ်ကြောင်းတွေထပ်လာပြီ။ အပ်ကြောင်းထပ်ဘဝမှာ လုံးလည်လိုက်နေပြီးတော့ သမားရိုးကျတွေ လဲမကြိုက်ဘူးဆိုတော့ ရယ်ဖို့တော့ ကောင်းသား။ နေ့တိုင်း ဒီသံသရာထဲမှာပဲ လည်ပတ်နေ။ မနက် ခွန်နှစ်နာရီခွဲလောက်နိုး၊ မျက်နှာအဟောင်းကြီးကို အတင်းသစ်၊ ထပ်နေတဲ့ မနက်စာတွေ အတင်းစား၊ မနေ့ကလို ရေချိုး၊ ပြီးတာနဲ့ အလုပ်ကိုပျော်ရွှင်စွာသွား ဘာကြောင့်ဆို အလုပ်မှာ ကျွန်တော့် ရာထူးက အလုပ်မရှိသလောက်၊ ရှိရင်လည်းရှင်းမလောက်။ ဒါပေမယ့် ၅၁၂ kbps ရှိတဲ့ အင်တာနက်ဆိုတာကြီးရှိတော့။ (ကိုယ်က အဲဒါကြီးကို ကိုင်ရတာလေ ဟေဟေ့) ရုံးရောက်တာနဲ့ ဆာဗာရှေ့ထိုင် ရှောက်ချက်တော့တာပဲ...ဘလော့က်ကလေး ဘာလေးကတော့ နည်းနည်းပါးပါးပျင်းရင်ကိုင်တာပေါ့... တခြားပညာရပ်ဆိုင်ရာတွေ ဘာတွေရှာဖွေတာကတော့ မရှိသလောက်ပါပဲ... တွေကရာရှစ်သောင်း browse လုပ်၊ ပေါက်ကရ ဒေါင်းလုပ် နဲ့ ဇိမ်ကျနေလိုက်တာ... Andy တစ်ယောက် အရင်က ကော်နက်ရှင်ပိန်းတိန်း အတင်းကျော် အတင်းဒေါင်းလုပ် အစရှိတဲ့ ဘဝကိုမေ့နေလိုက်တာ။ အောက်ခြေလွတ်သွားတယ်ပေါ့...ဟဲဟဲ...
ဒါလဲ တခါတလေ ခပ်ကောင်းကောင်းပါပဲ...လွန်ခဲ့တဲ့ ဘဝတွေကို မေ့ခဲ့တာ တခါတလေမှာ စိတ်သက်သာရာအကြောင်းလို့ ထင်မိတယ်...အခုဆို ကျွန်တော့်အရင်တုန်းက ဘဝတွေကိုတော်တော်များများမေ့ထားလိုက်တယ်...ဆယ်တန်းကျောင်းသားဘဝ၊ ကွန်ပြူတာကျောင်းသားဘဝ၊ ကျောင်းပြီးတော့ ဝေလေလေ ဘဝ၊ ဝေလေလေလုပ်ရင်း ဖြစ်လာခဲ့တဲ့ နိုင်ငံရေးဘဝ၊ လွန်ခဲ့တဲ့ သုံးလလောက်က နာဂစ်ကူညီရေး activitist ဘဝ အများကြီးပါပဲ...ဖြစ်နိုင်ရင် ဗမာပြည်သားဆိုတဲ့ ဘဝကိုပါမေ့ပစ်လိုက်ချင်တော့တယ်...
တကယ်ပါ တစ်ခါတလေ စဉ်းစားမိတယ်...ဗမာလူမျိုးဖြစ်ရတာ ဂုဏ်ယူတယ်...ဒါပေမယ့် ဗမာပြည်မှာမွေးရတာတော့ ဂုဏ်မယူချင်ဘူးလို့... နောက်ဖြစ်လေရာဘဝမှာလဲ ဗမာလူမျိုးဖြစ်ရင်ဖြစ်ပါစေ...ဗမာပြည်မှာတော့ မမွေးပါရစေနဲ့လို့ ဘုရားတရားသတိရတိုင်း ဆုတောင်းတယ်...ထားပါတော့လေ....ဖြစ်သမျှအကြောင်း အကောင်းချည်းပေါ့ ... ကျွန်တော်တို့ အင်္ဂလိပ်စာသင်တဲ့ အမေရိကန်ဆရာမပြောသလို "That things make you strong" လို့ပဲပြောရတော့မှာပေါ့...ထားပါတော့လေ ကြာရင် မေ့ထားတဲ့ နိုင်ငံရေးတွေပါလာတော့မယ်...
ကျွန်တော်တို့ ဗမာအယူအဆ လူကြီးသူမတွေကတော့ ဘဝမမေ့ဖို့ ဆုံးမကြတာပဲလေ...ဒါပေမယ့် တခါတလေများ ဘဝကိုမေ့ထားလိုက်ချင်တာကရော ...ဘဝမမေ့ဖို့ဆိုတာ ဘဝင်မြင့်မသွားဖို့ အောက်ခြေမလွတ်ဖို့တင်ပဲလားဘာလားတော့ ကျွန်တော့်လို ဗာလာနံတစ်ယောက်အနေနဲ့ ဘယ်သိမှာလဲနော့... ဒါပေမယ့် တို့ဗမာလူမျိုးတွေကလည်း ကမ္ဘာပေါ်မှာ အောက်ခြေအလွတ်တတ်ဆုံး မာန်အတက်တတ်ဆုံး လူမျိုးလို့ ထင်တာပဲ...
ဘာပဲဖြစ်ဖြစ်လေ ကျွန်တော်ကတော့ လောလောဆယ် ပြီးခဲ့တာတွေ တော်တော်များများကို မေ့ပစ်နေတာပဲလေ... ဘဝင်မြင့်မမြင့်တော့ လောလောဆယ်ဘာကောင်မှ မဟုတ်သေးတော့ မသိဘူး... နောက်ပြီး အခုမေ့ပစ်နေတာကကော နည်းမှန်လမ်းမှန်ဟုတ်ရဲ့လားဆိုတာလဲ မသိဘူး...
စာဖတ်သူရော သိပါလား...သိရင်ဖြေပေးကြပါဦး

3 မှတ်ချက်:
အင်း...ပျော်ရာမှာမနေရ...တော်ရာမှာနေရပေါ့..
ဘယ်တတ်နိုင်မှာလဲ...
အင်း...သိတာပေါ့..ပြောပြရင်ဘာကျွေးမှာလဲ
ကျွေးရင်တော့ပြောပြမှာပေါ့..
နော့်.. :P
မေ့သင့်တဲ့ အကြောင်းအရာတွေကို မေ့ပြီး အောက်မေ့သတိရသင့်တဲ့ အကြောင်းအရာတွေကို သတိရသင့်ဘူးလို့ ထင်တယ်ရှင့်...
ဟိ... ရှင်းသွားတာပဲ... :D
ကိုယ့်ဘ၀တိုးတက်ကြောင်းကို ဖြစ်စေတဲ့ တွန်းအားတွေကိုလည်း သတိရသင့်တယ်လို့ ထင်ပါတယ်... :)
ထင်တာကို ၀င်ပြောကြည့်တာ... ဟဲ...
မေ့ချင်ရင်မေ့ပစ်တာအကောင်းဆုံးပဲ ..
မမေ့ချင်တာကျရင် အတင်းမေ့လည်း မမေ့ဘူး.
ဒီတော့ သိပ်ပင်ပင်ပန်းပန်းမကြိုးစားနဲ့..မေ့ချင်တာမေ့ ..
မမေ့ချင်တာမမေ့နဲ့ ..
သူ့ဘာသာသူ ဦးနှောက်က အလုပ် လုပ်လိမ့်မယ် ..
ကိုယ်က ၀င်အလုပ်လုပ်ပေးနေစရာမလိုဘူး ..
အိုကေနော် .. အိုကေ ..
Post a Comment